၂. ၄. ၂၀၂၄
Written by Ye Kyaw

ရွှေရောင်းဝယ်ရေးအသိအမှတ်ပြု မှတ်ပုံတင်လက်မှတ်မရှိခြင်း အပါအဝင် ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်သည့် မောင်ကိန်းရွှေဆိုင်အပါအဝင် ရန်ကုန်နှင့် မန္တလေးတို့ရှိ ရွှေဆိုင် ၇ ဆိုင်အား လုပ်ငန်းယာယီရပ်ဆိုင်းခြင်းအပါအဝင် သက်ဆိုင်ရာဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယနေ့ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဦးဆောင်မှုဖြင့် ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီသည် ပူးပေါင်းအထူးစစ်ဆေးရေးအဖွဲ့များကို ဖွဲ့စည်းပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးရှိ ရွှေဆိုင်များကို ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ရာ အောက်ပါရွှေဆိုင်များသည် အဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်ရေးအသိအမှတ်ပြု မှတ်ပုံတင်လက်မှတ်မရှိခြင်း အပါအဝင် ‌‌ရွှေရောင်းဝယ်သူများလိုက်နာရမည့် “အဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်သူများဆိုင်ရာ ညွှန်ကြားချက်” ကို လိုက်နာရန် ပျက်ကွက်ကြောင်းတွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါရွှေဆိုင်များမှာ ရန်ကုန်တိုင်းဒေသကြီးတွင် မောင်ကိန်းရွှေဆိုင်၊ နယူးတိုင်စင်ရွှေဆိုင်၊ ခရမ်းသုံးခွရွှေဆိုင်နှင့် မန္တလေးတိုင်းဒေသကြီးတွင် ရွေစင်ဝင်းရွှေသန့်စင်လုပ်ငန်း၊ ရွှေမင်းသားရွှေလှော်ဖိုလုပ်ငန်း၊ မန်းစံပယ်ရွှေရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာရွှေ ရွှေဆိုင်လုပ်ငန်း စုစုပေါင်း‌ရွှေဆိုင် ၇ ဆိုင်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သို့ဖြစ်ပါ၍ ယင်းရွှေဆိုင်များကို ၂၀၂၄ ခုနှစ်၊ ဧပြီ ၂ ရက်မှစ၍ အဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်ရေး အသိအမှတ်ပြု မှတ်ပုံတင်လက်မှတ်မရှိဘဲ လုပ်ငန်းဆောင်ရွက်ခြင်းမပြုရန် သတိပေး မှတ်တမ်းတင်လက်မှတ် ရေးထိုးစေခြင်း၊ လုပ်ငန်းယာယီရပ်ဆိုင်းခြင်းအပါအဝင် လိုအပ်သည့် အရေးယူမှုများကို သက်ဆိုင်ရာဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးဖြစ်ပါကြောင်း ဖော်ပြထားသည်။

အလားတူ ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီသည် ရွှေဈေးနှုန်းများကို ဈေးကစားပြီး ပြည်သူလူထု စိုးရိမ်ပူပန်မှုဖြစ်စေရန် သတင်းထုတ်လွှင့်မှုများကို လည်းကောင်း၊ အရောင်းအဝယ်တကယ်မဖြစ်သည့် လေပတ်ကားရွှေဈေးနှုန်းများကို လူမှုကွန်ရက် မီဒီယာများတွင် ဖော်ပြပြီး ရွှေဈေးနှုန်း မငြိမ်မသက်ဖြစ်စေရန် ဆောင်ရွက်သူများကို လည်းကောင်း ဥပဒေပဋ္ဌာန်းချက်များနှင့်အညီ အရေးယူနိုင်ရန် ကြီးကြပ်စစ်ဆေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာအစိုးရဌာနများ၊ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *