၂. ၄. ၂၀၂၄
Written by Pan Ei

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ မက်သာဖက်တမင်း ၅ ကီလိုဂရမ်ကျော် လက်ဝယ်တွေ့ရှိမှုနဲ့ မြန်မာနိုင်ငံသူနှစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးကို ဖမ်းဆီးထားတယ်လို့ အိန္ဒိယအခြေစိုက် သတင်းဌာနတွေက ဒီနေ့မှာ ဖော်ပြခဲ့ပါတယ်။

မနေ့က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဦးစီးဌာနဟာ မီဇိုရမ်ပြည်နယ်၊ ချယ်တလန်​ဒေသက ဧည့်ရိပ်သာတစ်ခုမှာ လယ်မူအန်ကီမာ အမည်ရှိ အသက် ၃၂ ​​နှစ်အရွယ် အမျိုးသားတစ်ဦးကို ဘိန်းဖြူ ၁၁ ဂရမ် လက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။ အဆိုပါ အမျိုးသားကို နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေအရ အိုက်ဇောလ်မြို့မှာ နေထိုင်နေတဲ့ သူနဲ့ ဆက်စပ်သူ အမျိုးသမီး သုံးဦးကိုလည်း စစ်ဆေးခဲ့ရာ ခုလို မူးယစ်ဆေးတွေ ထပ်မံ သိမ်းဆည်းရမိခဲ့တာပါ။

အဆိုပါ အမျိုးသမီး သုံးဦးနေထိုင်ရာဆီ မနေ့ည ညသန်းခေါင်ကျော်အချိန်က ရဲတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ ချန်ဖိုင်းခရိုင် ဇို့ခွာသာရွာက အသက် ၄၄ နှစ်အရွယ် ကေစီ သောက်မာဝီ ဆိုသူနဲ့ အိုက်ဇောလ်မြို့မှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသားနှစ်ဦးဖြစ်တဲ့ လယ်သန်ပါရီ (အသက် ၅၄ နှစ်) နဲ့ တီလူအန်သန်ပါရီ (အသက် ၃၉ နှစ်) တို့ကို ဘိန်းဖြူ ၁၀၉ ဂရမ်၊ ဆေးပြား ၆၀,၀၀၀ နဲ့ ညီမျှတဲ့ စိတ်ကြွဆေးပြား ၅ ဒသမ ၈၈၈ ကီလိုဂရမ်တို့နဲ့အတူ မူးယစ်ဆေးဝါးတွေ နိုင်ငံအတွင်း သယ်ဆောင်လာတယ်လို့ ထင်ရှားမှုတို့နဲ့ အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးရမိသူအားလုံးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများ အက်ဥပဒေနဲ့ တရားစွဲဆိုထားပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်ကနေ ၂၀ နှစ်အထိ ချမှတ်နိုင်သလို ငွေဒဏ် ရူပီးငွေ ၁ သိန်းကနေ ၂ သိန်းအထိ ချမှတ်နိုင်တယ်လို့လည်း သိရပါတယ်။

Ref; India Today

Leave a Reply

Your email address will not be published. Required fields are marked *