၂. ၄. ၂၀၂၄
Written by Pan Ei

နယ်စပ်ဖြတ်ကျော် လိမ်လည်သူတွေလို့ သံသယရှိသူ ၈၀၀ ကျော်ကို မြန်မာနဲ့ တရုတ်နိုင်ငံ ပူးပေါင်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ရန်ကုန်မြို့က မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံသားတွေနဲ့ လိမ်လည်ဖို့ အတင်းစေခိုင်းခံရတဲ့ အခြားနိုင်ငံတွေက နိုင်ငံသားတွေ ပါဝင်တဲ့ လိမ်လည်တဲ့ ကွန်ရက်တွေဟာ မြန်မာနိုင်ငံမှာ အတော်လေးကို များပြားလာနေပြီး စက်မှုလုပ်ငန်း လေ့လာသုံးသပ်သူတွေရဲ့ ပြောကြားချက်အရ အဲ့ဒီလုပ်ငန်းတွေဟာ ဘီလျံနဲ့ချီပြီး တန်ဖိုးရှိနေတယ်လို့ သိရပါတယ်။

နယ်စပ်ဖြတ်ကျော်မှုခင်းတွေ ကျူးလွန်ခဲ့သူ ၈၀၇ ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ကွန်ပျူတာတွေ၊ မိုဘိုင်းလ်ဖုန်းတွေနဲ့ လိမ်လည်မှုဆိုင်ရာ စာရွက်စာတမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ တရုတ်နိုင်ငံသား ၃၅၂ ဦး ပါဝင်ပြီး တနင်္ဂနွေနေ့က တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသလို ကျန်တဲ့ ဖမ်းဆီးခံရသူတွေကတော့ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ လူပေါင်း ၁၂၀,၀၀၀ ထက်မနည်းက လိမ်လည်မှုတွေအတွက် ချုပ်နှောင် ခိုင်းစေခံနေရတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက မနှစ်က ပြောကြားခဲ့ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ မဟာမိတ်ဖွဲ့ပြီး သိမ်းပိုက်ထားတဲ့ ရှမ်းပြည်အရှေ့မြောက်ပိုင်းက လောက်ကိုင်မြို့မှာ လိမ်လည်တဲ့ ဂိုဏ်းတွေ အများအပြားတည်ရှိနေပြီး လိမ်လည်မှုဂိုဏ်းတွေကို သုတ်သင်ပစ်မယ်လို့လည်း မဟာမိတ်အဖွဲ့က ပြောထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက ဆိုက်ဘာလိမ်လည်မှုတွေမှာ ပါဝင်တယ်လို့ သံသယရှိသူ ၄၀,၀၀၀ ကျော်ကို တရုတ်နိုင်ငံကို ပြီးခဲ့တဲ့နှစ်က လွှဲပြောင်းပေးအပ်ခဲ့တယ်လို့လည်း တရုတ်အစိုးရမီဒီယာက ဖော်ပြခဲ့ပါတယ်။

Ref; AFP

Leave a Reply

Your email address will not be published. Required fields are marked *