၃၀. ၃. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၊ တက်ခ်ပြည်နယ်အတွင်း ထိုင်း-မြန်မာနယ်စပ်ရှိ မဲဆောက်မြို့၌ မြန်မာနိုင်ငံသားနှစ်ဦးအား မြန်မာနိုင်ငံအတွင်းအသုံးပြုရန် ရည်ရွယ်သည်ဟုဆိုသော မောင်းသူမဲ့လေယာဉ်တန်ပြန်တိုက်ဖျက်ရေး ကိရိယာ (Anti-drone jamming device- ဒရုန်းဖျက်လက်နက်) တစ်ခုနှင့်အတူ ဖမ်းဆီးမိခဲ့ကြောင်း မတ်လ ၂၉ ရက် သတင်းများက ဖော်ပြခဲ့ကြသည်။

အဆိုပါကိရိယာကို မြန်မာနိုင်ငံအတွင်း လိပ်စာတစ်ခုသို့ ပို့ပေးရန်ဆောင်ရွက်နေစဉ် သတင်းရရှိ၍ဖမ်းဆီးမိခဲ့ခြင်းဟု ထိုင်းရဲတပ်ဖွဲ့ ရဲမှူးကြီး နတ်တာကွန် ရွန်တစ်က ပြောခဲ့သည်။ အာဏာပိုင်များက ရဲတပ်ဖွဲ့ဝင်များအား ဒုစရိုက်ဘက်တော်သားများအဖြစ်အယောင်ဆောင်စေကာ သံသယရှိရသူများနှင့် ဆက်သွယ်၍ သတင်းရယူနိုင်ရန်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသူနှစ်ဦးက အဆိုပါကိရိယာအား မြန်မာနိုင်ငံအတွင်းပို့ပေးရန် ကြိုးစားခဲ့ကြခြင်းလည်းဖြစ်သည်။ ၎င်းတို့က ဖြန့်ချိရေးလုပ်ငန်းတစ်ခုတွင် အဆိုပါကိရိယာပါ ကုန်ထုပ်ပစ္စည်းအားပို့ပေးရန် အပ်နှံထားခဲ့ကြခြင်းဖြစ်သည်။ ဖြန့်ချိရေးလုပ်ငန်းက ၎င်းတို့နှစ်ဦးအားသယ်ယူပို့ဆောင်ရေးပြဿနာများကြောင့် ပစ္စည်းအားပြန်လည်ထုတ်ယူရန်အကြောင်းကြားခဲ့ရာ ၎င်းတို့ရောက်လာစဉ် အသင့်ရောက်ရှိနေသော ရဲတပ်ဖွဲ့ကပစ္စည်းထုပ်အား ဖွင့်လှစ်စစ်ဆေးခဲ့ရာတွင် မောင်းသူမဲ့လေယာဉ်တန်ပြန်တိုက်ဖျက်ရေးကိရိယာအားတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါကိရိယာအားသိမ်းဆည်း၍ ဖမ်းမိသူနှစ်ဦးကိုလည်း လက်နက်ထိန်းချုပ်ရေးအက်ဥပဒေအရ အရေးယူထားကြောင်း ရဲမှူးကြီး နတ်တာကွန် ကပြောခဲ့သည်။ဖမ်းမိသူနှစ်ဦးက မြန်မာနိုင်ငံအတွင်းသို့ ပို့ပေးရန် အွန်လိုင်းမှမှာယူခဲ့သော နောက်တစ်ဦးထံ ၎င်းတို့က ပစ္စည်းပေးပို့ခဲ့ခြင်းဟုလည်းစုံထောက်များကို ပြောခဲ့ကြသည်။၎င်းတို့တွင် ပစ္စည်းအားပိုင်ဆိုင်ရန်၊ မှာယူရန်နှင့်လွှဲပြောင်းရန်တို့အတွက် ခွင့်ပြုချက်တစ်စုံတစ်ရာမရှိကြောင်း ဝန်ခံခဲ့ကြသည်။

ထို့ပြင် နတ်တာကွန်က မောင်းသူမဲ့လေယာဉ်များကို နည်းပညာစစ်ဆင်ရေးများတွင် ကျယ်ပြန့်စွာအသုံးပြုလျက်ရှိကြရာ မြန်မာနိုင်ငံအတွင်းတိုက်ပွဲများ၌လည်း အရေးကြီးသော အင်အားစုတစ်ရပ်ဖြစ်လျက် ရှိကြောင်း၊သိမ်းဆည်းမိသော ကိရိယာက မောင်းသူမဲ့လေယာဉ်များ၏ အချက်ပြမှုများကို ပျက်ပြားစေကာ မောင်းသူမဲ့လေယာဉ်များကို ပုံမှန်မလည်ပတ်နိုင်ဘဲဖြစ်စေကြောင်း၊စမ်းသပ်ချက်များအရ မောင်းသူမဲ့လေယာဉ်များ၏အချက်ပြမှုများကို တန်ပြန်ပျက်ပြားအောင်ပြုလုပ်ရာတွင် ထိုကိရိယာက အထူးအကျိုးသက်ရောက်မှုရှိသည်ကိုတွေ့ရကြောင်း ပြောခဲ့သည်။

နတ်တာကွန်က ထိုင်းအစိုးရအနေဖြင့် နိုင်ငံ၏ပိုင်နက်နယ်မြေကို လက်နက်များစုဆောင်းရန် (သို့မဟုတ်) ၎င်းတို့ကို တင်ပို့ရာတွင် ဖြတ်သန်းရာလမ်းကြောင်းအဖြစ်အသုံးပြုရန်ခွင့်မပြုကြောင်းနှင့် နိုင်ငံ၏ စီးပွားရေးအဖွဲ့အစည်းများနှင့်နိုင်ငံပိုင်အဖွဲ့အစည်းများက ထိုပြဿနာကိုဖြေရှင်းရန်အတွက်လုံခြုံရေးအဖွဲ့များ နှင့် ပူးပေါင်းဆောင်ရွက်ခြင်းအတွက် အထူးကျေးဇူးတင်ကြောင်းလည်းပြောခဲ့သည်။

ဤကိစ္စတွင် ပါဝင်ပတ်သက်နေသူများကို ဖမ်းမိရန်လည်း ရဲတပ်ဖွဲ့ကဆောင်ရွက်နေကြောင်း နတ်တာကွန်ကပြောခဲ့သည်။

မြန်မာနိုင်ငံဘက်မှ ဆက်စပ်သတင်းများအရ အဆိုပါဒရုန်းဖျက်လက်နက်ကို မှာယူသူများမှာ PDF များဖြစ်ပြီး သတင်းပေးတစ်ဦးက ထိုဒရုန်းဖျက်လက်နက်ကို PDF နှင့် ဆက်နွှယ်သူအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ မြန်မာပြည်သို့တင်ပို့ရန် လုပ်ဆောင်နေကြောင်း သတင်းပို့မှုအရ ဖမ်းမိခဲ့ခြင်းလည်းဖြစ်သည်။

Ref- Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *