April 29, 2024

တရုတ်နိုင်ငံက ထိုင်းနိုင်ငံရေတပ်သို့ ရေငုပ်သင်္ဘောအစား အခြားသင်္ဘောများပေးပို့ရန် သဘောတူ

၂၉. ၃. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းအစိုးရက တရုတ်နိုင်ငံမှ ဝယ်ယူရန် ၂၀၁၇ ခုနှစ်တွင် သဘောတူထားခဲ့သော S-26T ယွန်အမျိုးအစားရေငုပ်သင်္ဘောအစား ကမ်းရိုးတန်းကင်းလှည့်သင်္ဘောနှစ်စီး (သို့မဟုတ်) ဖရီးဂိတ်စစ်သင်္ဘောတစ်စီးကိုသာ ပြောင်းလဲပေးပို့ရန် ထိုင်းဘက်မှတောင်းဆိုခဲ့ခြင်းကို တရုတ်ဘက်မှ မူအားဖြင့် သဘောတူခဲ့ကြောင်း ထိုင်းတော်ဝင်ရေတပ် သတင်းအရင်းအမြစ်တစ်ခုက မတ်လ ၂၈ ရက်တွင်ဆိုခဲ့သည်။

ထိုင်းကာကွယ်ရေးဝန်ကြီး ဆူတင်၊ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အဒန်ဖန်အင်နှင့် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဂျက်ကာပွန် ဆန်မာနီတို့၏ မကြာမီက တရုတ်နိုင်ငံသို့ ခရီးစဉ်အတွင်း ထိုသဘောတူညီချက်ကိုရရှိခဲ့ခြင်းဟုလည်းသတင်းအရင်းအမြစ်ကဆိုသည်။

ထိုင်းတော်ဝင်ရေတပ်က မူလတွင် တရုတ်နိုင်ငံလုပ် S-26T ယွန်အမျိုးအစားရေငုပ်သင်္ဘောတစ်စီး ဝယ်ယူရန် ၂၀၁၇ ခုနှစ်ကပင် လက်မှတ်ထိုးခဲ့သည်။ ထိုလက်မှတ်ထိုးမှု၌ ရေငုပ်သင်္ဘောတွင် ဂျာမနီလုပ် အင်ဂျင်တပ်ဆင်ရန်လည်း သတ်မှတ်ခဲ့သည်။ သို့သော် ဂျာမနီက ၎င်းနိုင်ငံထုတ် အင်ဂျင်များကို တရုတ်စစ်ဘက်နှင့် ကာကွယ်ရေး စစ်လက်နက်ပစ္စည်းများ၌ တပ်ဆင်အသုံးပြုခြင်းကို တားမြစ်ခဲ့သောကြောင့် ထိုင်းရေတပ်မှဝယ်ယူမည့် တရုတ်နိုင်ငံလုပ်ရေငုပ်သင်္ဘောတွင် ဂျာမန်အင်ဂျင် တပ်ဆင်ရန်အစီအစဉ်မှာ ပျက်ပြားခဲ့သည်။တရုတ်ဘက်မှ တရုတ်နိုင်ငံထုတ် အင်ဂျင်ကိုအစားထိုးအသုံးပြုရန်အဆိုပြုခဲ့သေးသော်လည်း ထိုင်းဘက်မှ လက်မခံလိုခဲ့ချေ။

ထို့နောက်တွင် ထိုင်းနိုင်ငံဘက်က အင်ဂျင်တပ်ဆင်မှုအကြောင်းကိုအခြေခံကာ မူလသဘောတူညီချက် အတိုင်း S-261 ယွန်အမျိုးအစားရေငုပ်သင်္ဘောဝယ်ယူမည့်အစား ကမ်းရိုးတန်းကင်းလှည့်သင်္ဘောနှစ်စီး (သို့မဟုတ်) ဖရီးဂိတ်စစ်သင်္ဘောတစ်စီးကိုသာ အစားထိုးပေးပို့ရန်အဆိုပြုခဲ့ခြင်းဖြစ်သည်။

ရေငုပ်သင်္ဘောအတွက် စုစုပေါင်းတန်ဖိုး ဘတ် ရှစ်ဘီလျံကို ထိုင်းရေတပ်က လွန်ခဲ့သည့် ခြောက်နှစ်အတွင်း အရစ်ကျပေးချေရန်လည်း သဘောတူခဲ့ကြသည်။ သို့သော် ယခုအပြောင်းအလဲနှင့်ပတ်သက်၍ အသေးစိတ်အစီအစဉ်များကိုမူ သက်ဆိုင်ရာတာဝန်ရှိသူများကဆောင်ရွက်ကြရဦးမည်ဖြစ်သည်။ ထို မှာယူထားခဲ့သော သင်္ဘောမှာ ၅၀ ရာခိုင်နှုန်းတည်ဆောက်ပြီးစီးခဲ့ပြီဟုလည်း သိရသည်။

Ref-Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *