April 29, 2024

၂၉. ၃. ၂၀၂၄
Written by Pan Ei

တောင်အာဖရိကနိုင်ငံ မြောက်ပိုင်း လင်ပိုပိုပြည်နယ်မှာ ဘတ်စ်ကားတစ်စီးတိမ်းမှောက်မှုကြောင့် လူ ၄၅ ဦး သေဆုံးပြီး ကလေးငယ် ၁ ဦး ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ တောင်အာဖရိက သယ်ယူပို့ဆောင်ရေးဌာနက ကြာသပတေးနေ့ (မတ်လ ၂၈ရက်)က ပြောကြားခဲ့ပါတယ်။

ယာဉ်မောင်းဟာ ဘတ်စ်ကားကို အရှိန်မထိန်းနိုင်ဖြစ်ကာ မာမတ်လကလာမြို့အနီးရှိ တံတားပေါ်မှာ အတားအဆီးတွေနဲ့ တိုက်မိပြီး ဘတ်စ်ကားက တံတားပေါ်က ထိုးကျကာ မြေပြင်နဲ့တိုက်မိပြီး မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သယ်ယူပို့ဆောင်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါဘတ်စ်ကားဟာ အာဖရိကတောင်ပိုင်းရှိ ကုန်းတွင်းပိတ်နိုင်ငံ ဘော့ဆွာနာကနေ အီစတာပွဲတော်အတွက် ဝတ်ပြုဆုတောင်းဖို့ သွားရောက်မဲ့ ခရီးသည်တွေကို လင်ပိုပိုပြည်နယ်က မိုရီယာမြိုကို ပို့ဆောင်နေတာဖြစ်ကြောင်း သိရပြီး တောင်အာဖရိက သမ္မတ Cyril Ramaphosa ကလည်း ဘော့ဆွာနာကို ဝမ်းနည်းကြောင်းအမှာစကားကို ပေးပို့ခဲ့ကာ နိုင်ငံကို အထောက်အပံ့တွေပေးသွားမယ်လို့ ကတိပြုခဲ့ကြောင်း သမ္မတရုံးက ထုတ်ပြန်ခဲ့ပါတယ်။

ယာဉ်တိုက်မှုကနေ အသက် ၈ နှစ်အရွယ်ကလေးငယ်တစ်ဦးသာ လွတ်မြောက်ခဲ့ပြီး အနီးအနားက ဆေးရုံတစ်ခုမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရသလို တချို့သော ရုပ်အလောင်းတွေဟာ မမှတ်မိနိုင်လောက်အောင် လောင်ကျွမ်းသွားခဲ့ပြီး တချို့မှာ အပျက်အစီးတွေအတွင်း ပိတ်မိနေကာ အခင်းဖြစ်ပွားရာနေရာမှာ ပြန့်ကျဲနေခဲ့တယ်လို့ ပြည်နယ်ဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *