April 29, 2024

၂၉. ၃. ၂၀၂၄
Translated by Htwe Ko Tun

မြန်မာနိုင်ငံ၊ နေပြည်တော်မြို့တော်သို့ ရောက်ရှိနေသော ရုရှားအစိုးရ ဒုတိယကာကွယ်ရေးဝန်ကြီး အလက်ဇန်းဒါး ဖိုမင်က ရုရှားလက်နက်ကိုင်တပ်ဖွဲ့များနှင့် မြန်မာ့တပ်မတော်တို့အကြား စစ်ဘက်ဆိုင်ရာ နှစ်ဖက်အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု မူဘောင်အတွင်း ပူးပေါင်းဆောင်ရွက် လှုပ်ရှားမှု အကြိမ် ၅၀ ကျော် ပြုလုပ်ရန် စီစဉ်ထားကြောင်း မတ်လ ၂၈ ရက်က ပြောခဲ့‌သည်။

အလက်ဇန်းဒါးဖိုမင်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးစဉ်အတွင်း ရုရှားအစိုးရအနေဖြင့် နှစ်နိုင်ငံတပ်မတော်များအကြား ဆက်ဆံမှုများ တိုးတက်ဆောင်ရွက်ရေးအတွက် အခြေခံထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်အတွင်း တပ်မတော်များ၏ စစ်ဘက်ဆိုင်ရာဌာနခွဲများမှ အကြီးအကဲတပ်မှူးများ အပြန်အလှန်သွားလာလည်ပတ်ရေးနှင့် စစ်ဆင်ရေးနှင့်တိုက်ပွဲဝင်လေ့ကျင့်မှု ပူးတွဲဆောင်ရွက်ရေး စီမံချက်များအပါအဝင် စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်လှုပ်ရှားမှု အကြိမ် ၅၀ ကျော် ပြုလုပ်သွားရန်စီစဉ်ထားကြောင်း ပြောခဲ့ သည်။

ဖိုမင်က ရုရှားကာကွယ်ရေးဝန်ကြီးဌာန ၂၀၂၄ ခုနှစ်အတွင်းပြုလုပ်မည့် နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်လှုပ်ရှားမှုများတွင် မြန်မာ့တပ်မတော်က အဆင့်မြင့်သမားရိုးကျပိုင်း ပူးပေါင်းဆောင်ရွက်မှုများ၌ ပါဝင်သွားမည်ဟု ယုံကြည်အားထားကြောင်းလည်းပြောခဲ့သည်။ ၎င်း၏ပြောကြားချက်များအရ အဓိက ရေတပ်အင်အားစစ်ရေးပြမှု၊ ၂၀၂၄ ခုနှစ် စစ်ဘက်ဆိုင်ရာပြိုင်ပွဲများ၊ ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ စစ်ဘက်နည်းပညာဖိုရမ်၊ ၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာလုံခြုံရေး မော်စကို ညီလာခံနှင့် Ocean-2024 ခေါ် မဟာဗျူဟာမြောက်စစ်ရေးလေ့ကျင့်မှုများလည်းပါဝင်မည်ဟုသိရရာ မြန်မာအစိုးရဘက်မှလည်း ပါဝင်လေ့လာမှုများပြုမည်ဟု အတည်ပြုပြီးဖြစ်သည်။

ထို့ပြင် ဖိုမင်က ရုရှားနှင့်မြန်မာနှစ်နိုင်ငံစလုံးက အနောက်အုပ်စု၏ အတုမရှိဟုဆိုရမည့် ပိတ်ဆို့မှုများကို တစ်ပြိုင်တည်းရင်ဆိုင်နေကြရကြောင်း၊ မိမိတို့နှစ်နိုင်ငံအနေဖြင့် တစ်ဦးကိုတစ်ဦးကူညီမှုများအပြည့်အဝ ပြုကာ မဟာဗျူဟာမြောက်မိတ်ဖက်များနှင့်မဟာမိတ်များအဖြစ်ရပ်တည်သွားမည်ဟုလည်း အထူး အလေးထားပြောကြားသွားခဲ့သည်။

အမေရိကန်အစိုးရကမူ မြန်မာအစိုးရအား ရုရှားနိုင်ငံက ကူညီနေခြင်းကို လက်မခံနိုင်ကြောင်းနှင့် လက်နက်များပေးပို့မှုက တည်ငြိမ်အေးချမ်းမှုပျက်ပြားစေကာ မြန်မာနိုင်ငံအတွင်းပဋိပက္ခကို ကြာရှည်အောင်မီးထိုးပေးသကဲ့သို့ ရှိသည်ဟု စွပ်စွဲခဲ့သည်။

Ref–Tass, MoD of Russia, Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *