April 29, 2024

၂၉. ၃. ၂၀၂၄
Written by Pan Ei

ထိုင်း-မြန်မာနယ်စပ် သောင်ဖဖွန်းခရိုင်အတွင်းကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာပြီးနောက် အဖွဲ့ငါးဖွဲ့ကနေ မြန်မာနိုင်ငံသား ၇၉ ဦးဟာ နှစ်ရက်အတွင်း သီးခြားစီ ဖမ်းဆီးခံခဲ့ရပြီး လူမှောင်ခိုကူးရာမှာ ပါဝင်တဲ့သူ ၅ ဦးကိုလည်း ဖမ်းမိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။

ပထမအမှုကို ရဲတပ်ဖွဲ့၊ စစ်သားတွေနဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေ ပူးပေါင်းအဖွဲ့တစ်ဖွဲ့က ဗုဒ္ဓဟူးနေ့ နံနက် ၁၀ နာရီလောက်မှာ တာခနွန်းမြို့ရှိ အိမ်တစ်အိမ်အောက်ပုန်းအောင်းနေတဲ့ အမျိုးသား ၉ ဦးကို တွေ့ရှိခဲ့ပြီး သူတို့အားလုံးဟာ မြန်မာနိုင်ငံကနေ တရားမဝင် ခိုးဝင်လာသူတွေဖြစ်ကာ တရားစွဲဆိုထားတယ်လို့သိရပါတယ်။ ဒါ့အပြင် အိမ်ပိုင်ရှင် ဘွန်လက်ဘိုရီစွတ် ကိုလည်း အမျိုးသားတွေကို ဖမ်းဆီးခြင်းကနေ ကင်းဝေးစေဖို့ ကူညီပေးတဲ့အတွက် ထိန်းသိမ်းခံခဲ့ရပါတယ်။

အဲ့ဒီနေ့နှောင်းပိုင်းမှာ တာခန်နွန်မြို့ရှိ သောင်ဖဖွန်းလမ်းဆုံမှာ တာဝန်ရှိသူတွေက ကန်ချနပူရီလိုင်စင်နံပါတ်ပြားပါတဲ့ ပစ်ကပ်ထရပ်ကားကို ရပ်ဖို့ အချက်ပြခဲ့ပေမဲ့ ယာဉ်မောင်းက အရှိန်လွန်မောင်းနှင်သွားခဲ့ပါတယ်။ အဲ့ဒီနောက် အခြားအရာရှိတွေက စစ်ဆေးရေးဂိတ်ကနေ ၅ ကီလိုမီတာခန့်အကွာ အွန်သီလမ်းဆုံမှာ ယာဉ်မောင်းကို ရပ်တန့်နိုင်ခဲ့ကာ ယာဉ်မောင်းက တောထဲကိုထွက်ပြေးသွားခဲ့ပြီး နောက်ပိုင်းမှာတော့ ရဲတွေက သူ့ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ယာဉ်မောင်းဖြစ်သူ ဖောင်ချော့ဝေါဝင်းအာရီ (၄၃ နှစ်) ဟာ တာခန်နွန်မြို့မှာ နေထိုင်သူဖြစ်ပြီး အဆိုပါပစ်ကပ်ထရပ်ကားအတွင်းက မြန်မာနိုင်ငံသား အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၃ ဦးတို့ကို တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

အဆိုပါဖမ်းဆီးရမိ တရားမဝင်မြန်မာနိုင်ငံသားတွေကို ဆမ်ခလာဘူရီခရိုင်ကနေ စမွတ်စခွန်ပြည်နယ် ဘန်ဖောရီလမ်းဆုံကို ပို့ဆောင်ဖို့ မြန်မာအမျိုးသားတစ်ဦးက ဘတ်ငွေ ၈၀၀၀ နဲ့ ငှားရမ်းခဲ့ကြောင်း ယာဉ်မောင်းက ရဲတပ်ဖွဲ့ကို ထွက်ဆိုခဲ့ပါတယ်။ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ မြန်မာနိုင်ငံသားတွေရဲ့ ပြောဆိုမှုအရ ဆောင်ခလာဘူရီခရိုင်ရှိ ဘုရားသုံးဆူလမ်းအနီး သဘာဝမှောင်ခိုဖြတ်လမ်းကတစ်ဆင့် ထိုင်းနိုင်ငံတွင်းကို ခြေလျင်ဝင်ရောက်ခဲ့ကြောင်း သိရသလို လမ်းညွှန်တစ်ဦးက စစ်ဆေးရေးဂိတ်များစွာကို ရှောင်ရှားဖို့ ကူညီပေးခဲ့ကာ အလုပ်ပွဲစားတစ်ဦးကို ဘတ် ၈၀၀၀ ကနေ ၁၀၀၀၀ စီ ပေးခဲ့ရတယ်လို့လည်း သူတို့က ထွက်ဆိုခဲ့ပါတယ်။

တတိယအမှုမှာ အရာရှိတွေက သတင်းပေးပို့ချက်အရ ဗုဒ္ဓဟူးနေ့ ညနေ ၆ နာရီ ၃၀ ခန့်က ဟိန္ဒဒ် သစ်တောနယ်မြေမှာ မြန်မာနိုင်ငံက တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၃၅ ဦးကို ဖမ်းဆီးခဲ့ပြီး သူတို့ဟာ အမျိုးသား ၂၅ ဦးနဲ့ အမျိုးသမီး ၁၀ ဦးတို့ဖြစ်သလို အဲ့ဒီထဲကလေးငယ် ၈ ဦး ပါဝင်ကြောင်းလည်း သိရပါတယ်။ ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ အဲ့ဒီရွှေ့ပြောင်းလုပ်သားတွေဟာ နိုင်ငံအတွင်းပိုင်းက ပြည်နယ်တွေကို သွားရောက် အလုပ်လုပ်ကိုင်ဖို့ ရှာဖွေနေကြပြီး အခုလက်ရှိမှာအားလုံးကို ရဲစခန်းကို လွှဲပြောင်းပေးအပ်ခဲ့သလို ဥပဒေအရ အရေးယူဖို့ ဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။

နောက်ဖြစ်စဉ်အနေနဲ့ တတိယအမှုမတိုင်ခင် အစောပိုင်းတစ်နာရီမှာ ချလေးမြို့က စစ်ဆေးရေးဂိတ်မှာ ရဲတပ်ဖွဲ့က ရပ်တန့်ရှာဖွေဖို့ ငြင်းဆိုခဲ့တဲ့ ပစ်ကပ်ကားတစ်စီးကို ဖမ်းဆီးခဲ့ပြီး စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသား ၆ ဦးနဲ့ ထိုင်းလူမှောင်ခိုကူးရာမှာ ပါဝင်သူ ၂ ဦးဖြစ်တဲ့ ယာဉ်မောင်း ဆွမ်ချိုင်းမင်ခွမ် (၄၀ နှစ်) နဲ့ သူနှင့်အတူလိုက်ပါခဲ့သူ ကန်ချနစ် ချန်ဆွန်ဘွန်း (၃၆ နှစ်) တို့ကို ဖမ်းဆီးခဲ့ပါတယ်။

အလားတူ အင်္ဂါနေ့ညကလည်း တာခနွန်းရှိ အပန်းဖြေစခန်းအနီးမှာ မှောင်ခိုသမားနဲ့ တရားမဝင် အလုပ်ရှာဖွေသူ ၁၉ ဦးကို ဖမ်းဆီးခဲ့ပြီး ဆောင်ခလာဘူရီခရိုင်မှာ နေထိုင်သူ ဝင်း လို့ အမည်ရတဲ့ အဆိုပါမှောင်ခိုသမားကို တိုယိုတာ Fortuner ကာားကိုမောင်းနှင်နေချိန် ည ၁၀ နာရီခွဲခန့်မှာ တာဝန်ရှိသူတွေက ကြားဖြတ်တားဆီးကာ ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Ref; Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *