April 28, 2024

၂၈ .၃.၂၀၂၄
Written by Hey Mar

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင်း တောမနဲ့ အုတ်ကျင်းအနီး မဟာစည်တိုးချဲ့လမ်းထိပ်မှာ အစိုးရချည်ထည်စက်ရုံကနေ အလုပ်ဆင်းလာတဲ့ ဖယ်ရီနဲ့ ကန်တာ ၆ ဘီးကားတစီး မတော်တဆတိုက်ရာက စက်ဘီးစီးအမျိုးသမီးတစ်ဦးပါ တိုက်မိပြီး တိုက်ခံရတဲ့အမျိုးသမီး နေရာတင်သေဆုံးကာ လူ အယောက် ၃၀ ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဥ် ဒီနေ့ မတ်လ ၂၈ ရက်နေ့ ညနေ ၄ နာရီ မိနစ် ၂၀ ခန့်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်က ကန်တာ အဖြူရောင်ယာဥ်က စက်ဘီးစီးမိန်းကလေးငယ်ကို ရှောင်ရင်း ချည်စက်က ထွက်လာတဲ့ ဖယ်ရီကားကို ကန့်လန့်ဖြတ်တိုက်မိတဲ့ အနေအထားလို့ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ ဒေသခံ မျိုးဆက်သစ်မြတ်ပါရမီအသင်းကနေ သိရပါတယ်။

“ကျွန်တော်တို့ ဖြစ်စဥ်အပြီးမှရောက်တော့ တချို့ လူနာတွေလည်း တခြားအသင်းက ကူညီသယ်ဆောင်သွားပြီ။ ကြားရတာကတော့ ကန်တာကားက လမ်းဘေးက စက်ဘီးစီးမိန်းမငယ်ကို အရင်ဝင်တိုက်လိုက်တာ။ တိုက်ပြီးမှ ချည်စက်က ဖယ်ရီကို တိုက်တာ။ စက်ဘီးစီးတဲ့ မိန်းမငယ်က နေရာတင်သေတယ်။ ကန်တာပေါ်က ကားသမားနဲ့ ချည်စက်ဖယ်ရီပေါ်က နှစ်ဦးက ဒဏ်ရာပြင်းထန် စိုးရိမ်ရ အခြေအနေပေါ့။ ကျန်တဲ့ ဖယ်ရီပေါ်ပါတဲ့ ဝန်ထမ်း ၂၇ ဦးလည်း ဒဏ်ရာ ပေါက်ပြဲ ဖူးယောင်တွေ ရကြပေမယ့် မစိုးရိမ်ရပါဘူး။ လူနာများတော့ အသင်းကို လူနာတင်ကား စေလွှတ်ပေးဖို့ စက်ထဲကနေ ညွှန်ကြားလာလို့ ပူးပေါင်းကူညီကြတာပါ” လို့ MT News ကို ပြောပါတယ်။

အခင်းဖြစ်နေရာက စိုးရိမ်ရ လူနာ (၃)ဦးနဲ့ သေဆုံးသူအမျိုးသမီးရုပ်အလောင်းကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့က လူနာတင်ကားနဲ့ မိတ္ထီလာပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *