April 28, 2024

၂၈.၃.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ပန်းတောကျေးရွာဆိပ်ကမ်းတွင် ကမ်းကပ်ထားသော သင်္ဘောပေါ်၌ သင်္ဘောလုပ်သားတစ်ဦးက ငါးခြောက်ကြော်တောင်းရာက အစပြု၍ စကားများရန်ဖြစ်ရာမှ လူသတ်မှုတစ်ခု မတ်လ ၂၇ ရက် ည ၁၁ နာရီကျော်က ဖြစ်ပွားခဲ့သည်။

ဖြစ်စဥ်မှာ မြေနီဂဝံများတင်လာသော သင်္ဘောကမ်းကပ် ထားပြီး သင်္ဘောလုပ်သား ၂ ဦး အရက်သောက်နေစဥ် ဦးသန်းထိုက်(၅၂နှစ်)ရောက်ရှိလာပြီး ငါးခြောက်ကြော်တောင်းစားရာမှ စကားများရန်ဖြစ်နေချိန် ဦးဖြိုးနိုင် (၃၂နှစ်) ထပ်ရောက်လာပြီး”ဘာတွေဖြစ်နေတာလဲ၊ ဘာတွေအော်နေတာလဲ” ဟုမေးရာမှ ဦးသန်းထိုက်နှင့် ထပ်မံစကားများရန်ဖြစ်ခဲ့ကြသည်။

ယင်းနောက် ဦးသန်းထိုက်က ဟင်းချက်ရန်ထားသော စတီးဓားဖြင့် ဦးဖြိုးနိုင်ကို ထိုးခဲ့သဖြင့် ဦးဖြိုးနိုင်တွင် ဘယ်ဘက်ရင်အုံနှင့် ဘယ်ဘက်တင်ပါးဆုံတွင် ထိုးသွင်းဒဏ်ရာ ၁ ချက်စီ၊ ညာခါးစောင်းတွင် ထိုးသွင်းဒဏ်ရာ ၁ ချက်တို့ရရှိခဲ့ပြီး ကျောက်တန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသစဥ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ လူသတ်မှုနှင့်ပတ်သက်၍ ဦးသန်းထိုက်(၅၂နှစ်)ကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် ကျောက်တန်းမြို့မရဲစခန်းက အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *