April 29, 2024

၁၇. ၃. ၂၀၂၄
Written by Hey Mar

မနေ့က မတ်လ ၂၆ ရက်နေ့ ည ၁၁ နာရီဝန်းကျင်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာရွာသွန်းခဲ့တဲ့ မိုးရွာမှုဖြစ်စဉ်အတွင်း မိုးသီးကြွေမှုဖြစ်စဉ်ပါ ပါဝင်ခဲ့တာကြောင့် အိမ်၊ အဆောက်အဦနဲ့ ကားမှန်တွေပါကွဲတဲ့ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတချို့ထံကနေ သိရပါတယ်။

ကြွေကျတဲ့ မိုးသီးတွေက အမျိုးသားတစ်ဦး လက်သီးဆုပ်လောက်အရွယ်တွေနဲ့ ကြက်ဥအလုံးအရွယ်လောက်တွေဖြစ်ပြီး အိမ်အမိုးတွေပါ ပေါက်ပြဲကုန်တာ၊ သွပ်တွေ ပေါက်တဲ့အထိ ဖြစ်ခဲ့တာလို့ ဒေသခံ ကိုကောင်းထက်ကျော်က MT News ကို ပြောပါတယ်။

“ဆယ်မိနစ်လောက်ပဲ ကြွေတာပါ။ အဲ့ဒီမှာမှ အလုံးက ခပ်ကြီးကြီးတွေ သည်ဘက်မှာက မိုးသီးက ကြွေတတ်ပါတယ်။ ဒါပေမယ့် ဒီလောက်ကြီးကြီးတွေ ကြွေတာတော့ ပထမဆုံးတွေ့ဖူးတာပဲ။ ကားမှန်တွေ အိမ်ပြတင်းမှန်တွေကွဲတယ်။ သွပ်တွေ အခု ဆိုင်တွေမှာ ဝယ်လို့တောင်မရတော့ဘူး။ ဈေးကလည်း ချက်ချင်းတက်တာ။ မီးလိုင်းတွေလည်း ပျက်လို့ အခုပြင်ဆင်နေကြတယ်၊ မိုးချုပ်လောက်မှ မီးရမယ် ထင်တယ်” လို့ ကိုကောင်းထက်အောင်က ပြောပါတယ်။

မိုးသီးကြွေမှု ဖြစ်စဉ် ဖားကန့်မြို့နယ်တစ်ဝိုက် ဒေသတချို့မှာ ဖြစ်ပွားခဲ့ပေမယ့် ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်ခဲ့တဲ့ နေရာတွေက ဆိုင်းတောင်နဲ့ ဖားကန့်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၆ ဧပြီလတုန်းက ဖြစ်ပွားခဲ့တဲ့ မြို့နယ်ပေါင်း ၄၀ ကျော် မိုးသီးမုန်တိုင်းဒဏ် ခံစားရတဲ့ဖြစ်စဉ်လည်းရှိခဲ့ပြီး အဆိုပါမုန်တိုင်းကြောင့် လူပေါင်း ၁၆ ယောက် သေဆုံးခဲ့ရသလို တိရစ္ဆာန် သေဆုံး ဆုံးရှုံးမှုလည်း များပြားခဲ့ပါတယ်။ အိုးအိမ်ပေါင်း တစ်သောင်းကျော်နဲ့ စေတီ အဆူပေါင်း ၂ ထောင်နီးပါးလည်းပျက်စီးခဲ့တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *