၂၇. ၃. ၂၀၂၄
Written by Thin Zar

ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင် ၃၆၄/၀ ဖာလုံတွင် အမျိုးသားတစ်ဦး ကားတိုက်ခံရပြီး ဦးခေါင်းကြေမွ၍ ဗိုက်ပွင့်ထွက်သေဆုံးသည့် ရုပ်အလောင်းကို မြရည်နန္ဒလူမှုကယ်ဆယ်ရေးအသင်းမှ သွားရောက်သယ်ဆောင်ခဲ့ကြောင်း သိရသည်။

မတ်လ ၂၇ ရက် နံနက် ၆ နာရီ ၃၅ မိနစ်အချိန်တွင် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၃၆၄/၀ ဖာလုံတွင် အမျိုးသားတစ်ဦးကားတိုက်ခံရပြီး သေဆုံးသည့် ရုပ်အလောင်းတွေ့ရှိကြောင်း မြရည်နန္ဒလူမှုကယ်ဆယ်ရေးအသင်းသို့ တာဝန်ရှိသူများမှ ဖုန်းဆက်အကြောင်းကြားသောကြောင့် ဖြစ်စဥ်နေရာသို့ သွားရောက်ကူညီခဲ့ခြင်းဖြစ်သည်။

“ခန့်မှန်းခြေအရ မနက် ၅ နာရီလောက်က ကားတိုက်ခံရတာဖြစ်မယ်။ ဘယ်ကားတိုက်သွားလဲတော့မသိဘူး။ ကားတိုက်ခံရတဲ့အလောင်းကို နောက်ကားတွေကလည်း တိုက်သွားတော့ ခေါင်းတွေဆိုကြေနေတာ။ ပြီးတော့ ဗိုက်တွေလည်း ပွင့်ထွက်နေတာ”ဟု မြရည်နန္ဒလူမှုကယ်ဆယ်ရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက MT New ၏ မေးမြန်းမူကို ဖြေဆိုသည်။

ထိုကားတိုက်ခံရသည့် အမျိုးသားမှာ ပိုင်ရှင်မဲ့ဖြစ်နေကြောင်း၊ ရုပ်အလောင်းကို မြရည်နန္ဒလူမှုကယ်ဆယ်ရေးအသင်းမှ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ဓာတ်ပုံ-မြရည်နန္ဒလူမှုကယ်ဆယ်ရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *