၂၇.၃.၂၀၂၄
Written by Thettant

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့မှာ မတ်လ ၂၁ ရက်ကဖြစ်ပွားခဲ့တဲ့ အလုပ်သမားက အလုပ်ရှင်ရဲ့ သားငယ်ကို သတ်ပြီး မောင်တော်ဆိုင်ကယ်နဲ့ ပိုက်ဆံယူဆောင် ထွက်ပြေးသွားမှုက ကျုးလွန်ပြီးထွက်ပြေးတိမ်းရှောင်နေတဲ့တရားခံအလုပ်သမားကို ဖမ်းမိထားတယ်လို့မိသားစုဝင်တွေနဲ့နီးစပ်တဲ့ ကူညီပေးသူတွေဆီက ကနဦးသိရပါတယ်။

ဖြစ်စဥ်က ဂွမြို့၊ ကင်းပုံကျေးရွာမှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် မောင်သားပုဟာ နေအိမ်မှာအလုပ်လုပ်နေတဲ့ အသက် ၃၅ နှစ်ခန့် အလုပ်သမား ဇေယျာဦးနဲ့အတူ ဆပ်သွားရွာဆီ အိုးခွက်ဝယ်ဖို့အတွက် မော်တော်ဆိုင်ကယ်နဲ့ မတ်လ ၂၁ ရက်​ ညနေ ၅ နာရီခန့်မှာ နေအိမ်က ထွက်ခွာသွားပြီးပျောက်ဆုံးသွားတာကြောင့် လိုက်လံရှာဖွေရာမှာ ကမ်းသာယာအနီးချောင်းပေါက်ထဲ ဦးခေါင်းဒဏ်ရာနဲ့ ပုပ်ပွသေဆုံးလျက်သားအလောင်းကို မတ်လ ၂၃ ရက်မှာ ပြန်လည်တွေ့ရှိခဲ့တာပါ။

အဲဒီနောက် တရားခံကို လိုက်လံရှာဖွေရာမှာ သတင်းပေးပို့မှုအရ မနေ့က မတ်လ ၂၆ ရက်နေ့လယ်ပိုင်းမှာ သံတွဲနဲ့ရွှေလှေကြားက ရေစင်ရွာမှာဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

“အလုပ်သမားတရားခံပြေးရဲ့ ပုံကို လူမှုကွန်ရက်မှာတင်ပြီးစုံစမ်းတော့ အမျိုးသမီးတစ်ယောက်က တရားခံပုန်းနေတဲ့နေရာကို သိလို့ဖုန်းဆက်သတင်းပေးတာ။ အဲဒီမှာ မနေ့ကနေ့လယ်က သံတွဲနဲ့ရွှေလှေကြားက ရေစင်ကျေးရွာမှာ ဖမ်းမိတယ်။ ကလေးက်ိုသတ်ပြီးယူသွားတဲ့ဆိုင်ကယ်ကိုလည်း ပေါင်စားထားတယ်ပြောတယ်။ မတ်လ ၂၁ ရက်တုန်းကစျေးဝယ်ခိုင်းတုန်းကပါသွားတဲ့ပိုက်ဆံကလည်း သောင်းဂဏန်းပဲ။ အဲဒါကို ကိုယ့်အလုပ်ရှင်သားလေးကို ငွေနည်းနည်း၊ ဆိုင်ကယ်အဟောင်းတစ်စီးနဲ့ လုပ်ရက်တယ်။ အခုတော့ တရားခံကို ရဲစခန်းမှာဖမ်းထားပြီး တာဝန်ရှိသူတွေစစ်ဆေးနေတယ်”လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက သူသိတဲ့ဖြစ်စဥ်ကိုရှင်းပြပါတယ်။

ပုံစာ။ မောင်သားပုရှင်သန်စဥ်အချိန်နှင့် တရားခံဖမ်းမိမှုမြင်ကွင်း။

Leave a Reply

Your email address will not be published. Required fields are marked *