၂၅.၃.၂၀၂၄
Written by Thin Zar

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာ၊ “စင်တော်လက်ဖက်ရည်ဆိုင်” ရှေ့တွင် PDF များမှ သေနတ်ဖြင့်ပစ်ခတ်ရာ ရဟန်းတစ်ပါး ကျည်ထိမှန် ပျံလွန်တော်မူပြီး လက်ဖက်ရည်ဆိုင်ပိုင်ရှင်လည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ မတ်လ ၂၅ ရက် နေ့လယ် ၁ နာရီကျော်အချိန်ခန့်က “စင်တော်လက်ဖက်ရည်ဆိုင်”တွင် လက်ဖက်ရည်သောက်ပြီး ထိုင်နေသော ဆရာတော်ဦးစန္ဒိမာမှာ ကျောင်းသို့ပြန်ရန် မော်တော်ဆိုင်ကယ်ပေါ်သို့ တက်ချိန်တွင် PDF များရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်သွားခြင်းဖြစ်သည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ဆရာတော် ဦးစန္ဒိမာမှာ ဘယ်ဘက်လက်မောင်းကျည်ဖောက်ဝင်ဒဏ်ရာနှင့် ဘယ်ဘက်ကျောကုန်းကျည်ဖောက်ဝင်ဒဏ်ရာတို့ ရရှိ၍ အခင်းနေရာတွင် ပျံလွန်တော်မူသွားကြောင်း သိရသည်။ အလားတူ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးတင်ငြိမ်းလည်း ဆီးခုံဖောက်ဝင်ဒဏ်ရာနှင့် ညာဘက်ပေါင်တို့တွင် ပေါက်ပြဲဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပျံလွန်တော်မူသွားသည့် ဦးစန္ဒိမာမှာ ကင်မွန်းချောင်းကျေးရွာအနီးရှိ ကျောက်ဖြူတောင်၊ ဘောဂဝတီရွှေကျောင်း၌ တစ်ပါးတည်းသီတင်းသုံးသူ ဆရာတော်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *