၂၅.၃.၂၀၂၄
Written by Thin Zar

ချင်းပြည်နယ်၊ တီးတိန်ခရိုင်၊ တီးတိန်မြို့က နိုင်ငံ့ဝန်ထမ်း (၅) ဦးကို ဖမ်းဆီးခေါ်ဆောင်ထားတယ်လို့ PDF-Zoland အဖွဲ့က ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

မတ်လ ၂၅ ရက်နေ့မှာ တီးတိန်မြို့ထဲကို PDF-Zoland အဖွဲ့က ဝင်ရောက်ပြီး နိုင်ငံ့ဝန်ထမ်းတွေရဲ့ နေအိမ်တွေကို သွား ရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတာပါ။

NUG ဩဇာခံ ချင်းလက်နက်ကိုင် PDF တွေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ နိုင်ငံ့ဝန်ထမ်း (၅) ဦးက အသက် ၃၆ နှစ်အရွယ် စည်ပင်သာယာရေးကော်မတီက လက်ထောက်အင်ဂျင်နီယာ ဦးကပ်ဆွင်းခွါလ်၊ အသက် ၅၅ နှစ်အရွယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဒု-ကြီးကြပ် ဦးခွါလ်လျန်းမုန်၊ အသက် ၄၈ နှစ်အရွယ် ထွေအုပ်စာရေး ဦးလျန်းလမ်ခိုင်၊ အသက် ၄၈ နှစ်အရွယ် အားကာမှူးဦးရှင်းခန့်ခွါလ်နဲ့ လဝက အငယ်တန်းစာရေး အသက် ၅၇ နှစ်အရွယ် ဦးနန်ဆွင်းဂင့်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ PDF-Zoland က ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းကလည်း ချင်းလက်နက်ကိုင်ပူးပေါင်းတပ်တွေက ကလေးတက္ကသိုလ်ကိုစီးနင်းပြီး ပါမောက္ခ ချုပ်ဒေါက်တာယောဟန်ထွန်းအပါအဝင် နိုင်ငံ့ဝန်ထမ်းနဲ့ မိသားစု ၁၃၀ လောက်ကို ဖမ်းဆီးသွားတဲ့ဖြစ်စဥ်လည်းရှိခဲ့ပြီး ဖမ်းဆီးခံရသူတွေက ဒီနေ့အထိ မလွတ်မြောက်သေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *