April 27, 2024

MT News
၂၅. ၃. ၂၀၂၄

ပင်လယ်ရေနက်ဆိပ်ကမ်းတစ်ခု လုပ်ဆောင်ဖို့ ရုရှားနိုင်ငံနဲ့ ဆွေးနွေးနေသလို ရုရှားနိုင်ငံနဲ့ လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေမှာ အသေးစားအဏုမြူစွမ်းအင် ဓာတ်အားပေးစက်ရုံလုပ်ငန်းလည်း ပါဝင်လုပ်ကိုင်နေတယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ ITAR-TASS Media နဲ့ တွေ့ဆုံမှုမှာ ဖွင့်ဟပြောလာပါတယ်။

“တောင်ပိုင်းဒေသမှာပေါ့။ တောင်ပိုင်းဒေသမှာတော့ ကျွန်းတွေ အများကြီးရှိတယ်။ ကျွန်းတွေရဲ့သဘာဝအလှတွေ၊ ရေအောက်သဘာဝအလှတွေ ကျွန်တော်တို့ အများကြီးရှိပါတယ်။ အဲဒါတွေ ကြည့်မယ်ဆို ကျွန်တော်တို့ ကြည့်လို့ရပါတယ်။ နောက် ပင်လယ်ကမ်းခြေပေါ့။ ထားဝယ်ဒေသမှာဆို မောင်းမကန်ပင်လယ်ကမ်းခြေက နာမည်ကြီးပါတယ်။ နောက်တစ်ခါ အနာဂတ်အတွက် အမြော်အမြင် ရှိတာကတော့ ဘာလဲဆိုတော့ Deep Sea Port ပင်လယ်ရေနက်ဆိပ်ကမ်းတစ်ခု လုပ်လို့ရတဲ့ အနေအထားရှိတယ်။ အဲဒါကတော့ တန်ချိန် ၂ သိန်းနဲ့အထက် သင်္ဘောတွေရပ်နိုင်တဲ့ ဆိပ်ကမ်းတစ်ခု ကျွန်တော်တို့ လုပ်နေတာရှိပါတယ်။ အဲဒါလည်း ရုရှားနိုင်ငံနဲ့ ဆွေးနွေးဆောင်ရွက်လျက်ရှိပါတယ်”လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က Tass မီဒီယာမေးတဲ့ မွေးရပ်မြေထားဝယ်နဲ့ ပတ်သက်ပြီး ဖြေဆိုရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံတောင်ပိုင်းဒေသမှာ လက်ရှိအချိန် ထိုင်းနိုင်ငံနဲ့ ပူးပေါင်းပြီး ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းလုပ်ဆောင်နေပေမဲ့လည်း ဆယ်စုနှစ်ချီကြာလာတဲ့အထိ အောင်မြင်တဲ့ ရေနက်ဆိပ်ကမ်းတော့ ဖြစ်မလာသေးပါဘူး။ ဒီလိုမျိုး ထားဝယ်ဒေသမှာ ရေနက်ဆိပ်ကမ်းအပြင် ပုလဲထုတ်လုပ်မှုလုပ်ငန်းတွေရှိတယ်လို့လည်း SAC ဥက္ကဋ္ဌ က ထည့်သွင်းပြောကြားပါတယ်။

ဒါအပြင် ရုရှားနိုင်ငံနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ မေးမြန်းမှုအပေါ်လည်း SAC ဥက္ကဋ္ဌက ရုရှားနိုင်ငံနဲ့ လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေမှာ အသေးစား အဏုမြူစွမ်းအင် ဓာတ်အားပေးစက်ရုံလုပ်ငန်းအပြင် အခြားလုပ်ငန်းတွေနဲ့ ပတ်သက်လို့လည်း “မြန်မာနိုင်ငံ မြန်မာ့တပ်မတော် ခေတ်မီရေးအတွက် ရုရှားနိုင်ငံက ကူညီပံ့ပိုးပေးခဲ့သလိုပဲ မြန်မာ့တပ်မတော်က အရာရှိတွေ တော်တော်များများကို ရုရှားနိုင်ငံမှာ သိပ္ပံပညာ၊ နည်းပညာ၊ စစ်ဘက်အတတ်ပညာ ဒါတွေကို များစွာသင်ပေးခဲ့တာပေါ့။ ဒါနယ်ပယ်ကတော့ ဒါအကြီးမားဆုံးဟာပါပဲ။ ဒါပေမဲ့ ဒါတွေလားဆိုတော့ မဟုတ်သေးဘူး။ ကျန်တဲ့ဟာတွေလည်း အများကြီးရှိပါတယ်။ ဥပမာ စိုက်ပျိုးရေးကဏ္ဍ၊ ဆေးဘက်ဆိုင်ရာကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ သတ္တုတူးဖော်ရေးကဏ္ဍ စသဖြင့် ဒါတွေရှိပါတယ်။ ယခု ကျွန်တော်တို့နဲ့ ဆောင်ရွက်ဆဲ ကိစ္စထဲမှာဆိုလို့ရှိရင် Rosatom ရုရှားနိုင်ငံရဲ့ အဏုမြူစွမ်းအင် ကွန်ပိုစာအဖွဲ့နဲ့ လုပ်နေတာကတော့ အသေးစားအဏုမြူစွမ်းအင် ဓာတ်အားပေးစက်ရုံ လုပ်ငန်းတစ်ခုရှိပါတယ်။ နောက်တစ်ခုကတော့ စိုက်ပျိုးရေးကဏ္ဍမှာ ရုရှားနည်းပညာနဲ့ ဓာတ်မြေသြဇာ ထုတ်လုပ်ပြီးတော့မှ မြန်မာနိုင်ငံမှာ ဓာတ်မြေသြဇာ ထုတ်လုပ်မယ့်စက်ရုံ တည်ဆောက်ရေးလုပ်ငန်း၊ အခုလက်ရှိ ဒီရုရှားနည်းပညာနဲ့ ထုတ်ယူထားတဲ့ ဓာတ်မြေသြဇာကို အသုံးပြုတဲ့အခါမှာ တော်တော်အောင်မြင်တယ်လို့ ကျွန်တော်တို့ပြောပါတယ်။ ဒါလည်း တိုးချဲ့ဆောင်ရွက်ဖို့ရှိပါတယ်။ ဒါ့အပြင် သတ္တုတူးဖော်ရေးလုပ်ငန်း၊ လေအားလျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်း၊ အခြား ဆိုလာနဲ့ပတ်သက်တဲ့ လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်း၊ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆေးဝါးထုတ်လုပ်မှုလုပ်ငန်း စသဖြင့် နယ်ပယ်များစွာရှိတယ်။ ဒါတွေ ကျွန်တော်တို့ ဆက်လက်လုပ်ဖို့လည်း အစီအစဉ်ရှိကြောင်း အဆွေတော်ကို ကျွန်တော်ပြောလိုပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News