၂၅. ၃. ၂၀၂၄
Written by Thettant

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်ကကျင်းပတဲ့ One Friday Fight-52 ပြိုင်ပွဲမှာ မြန်မာ့လက်ဝှေ့ကျော် သံမဏိစိုးလင်းဦးနဲ့ သန့်ဇင်တို့ရဲ့ ပွဲစဉ်တွေ ပထမဆုံး ပါဝင်လာပြီး One Championship က အပတ်စဥ်ကျင်းပတဲ့ One Friday Fight မှာ ပထမဆုံး မြန်မာဖိုက်တာနှစ်ဦးကို ထည်သွင်းထိုးသတ်စေတာဖြစ်တဲ့အပြင် မြန်မာဖိုက်တာနှစ်ယောက်ဟာ Underdog (နိုင်ခြေနည်းဖိုက်တာ) အဖြစ် သတ်မှတ်ခံရပေမဲ့လည်း ပြိုင်ဘက်တွေကို အလဲထိုးအနိုင်နဲ့ ဘတ် ၃၅၀၀၀၀ စီ ဆွတ်ခူးနိုင်ခဲ့ကြပါတယ်။

ဒီတစ်ပတ်သောကြာမှာ ပြုလုပ်မဲ့ One Friday Fight-57 ပြိုင်ပွဲမှာတော့ စိုးလင်းဦး၊ သန့်ဇင်အပြင် မိုးထက်အောင်က သူ့ရဲ့ ပထမဆုံးပွဲအဖြစ် ပါဝင်လာသလို သန့်ဇင်ဆိုရင် သူ့ထိုးသတ်ပုံနဲ့ မြန်မာ့လက်ဝှေ့ကျော်တွေထဲ ပထမဆုံးသော ခမာဖိုက်တာကို အနိုင်ယူခဲ့သူဆိုတဲ့ မှတ်တမ်းတွေကြောင့် ဒုတိယမြောက်ပွဲမှာတင် ဒုခေါင်ပွဲကို ရခဲ့တာ တွေ့ရပါတယ်။

ဒီတစ်ပတ် One Fight မှာ စိုးလင်းဦးက Fabio Sensational Reis လို့ အမည်ပြောင်ရထားတဲ့ ဖေဘီယိုနဲ့ ထိုးသတ်ရမှာပါ။ ပေါ်တူဂီနိုင်ငံသား ဖေဘီယိုဟာ One ရဲ့မှတ်တမ်းတွေမှာတော့ သူက နှစ်ပွဲနိုင်၊ နှစ်ပွဲရှုံးရလဒ်ရထားပေမဲ့လည်း သူနိုင်ခဲ့တဲ့ပွဲတွေက အလဲထိုးနဲ့ဖြစ်ပြီး သူရှုံးခဲ့တာတွေက အမှတ်နဲ့ဖြစ်လို့ One မှာ လက်စွမ်းကောင်းတဲ့ ဖိုက်တာလို့ ပြောရမဲ့အပြင် အသက်ကလည်း ၂၆ နှစ်အရွယ်သာရှိသေးပြီး စိုးလင်းထက် တစ်လက်မလည်းပိုမြင့် မာဂုဏ်လည်းရှိတဲ့ ဖိုက်တာတစ်ယောက်ဖြစ်လို့ Man of Steel လို့ One က ပထမဆုံးပွဲတင် အမည်ပေးခံရတဲ့ ၃၂ နှစ်သား စိုးလင်းဦးအဖို့ ရုန်းကန်ရနိုင်ပါတယ်။

One မှာ ပထမဆုံးစထိုးမဲ့ မိုးထက်အောင်ကတော့ သူ့လိုပဲ One မှာ ပထမဆုံးစထိုးမဲ့ ဂျပန်နိုင်ငံသား Tomoya Maruyama နဲ့ ရင်ဆိုင်တွေ့မှာဖြစ်ပါတယ်။ ဝမ်ချိုင်းရဲ့ တပည့်ကျော် ပြည်တွင်းမှာ ကစားပေါက်ကောင်းတယ်ဆိုပြီး နာမည်ကျော်တဲ့ မိုးထက်အောင်အဖို့ စိုးလင်းဦးတို့ သန့်ဇင်တို့လို ပထမဆုံးပွဲတင် ပြိုင်ဘက်ကို အလဲထိုးပြီး ဘတ် ၃၅၀၀၀၀ ဆုကြေးရမလားဆိုတာတော့ သောကြာညမှာ သိရပါမယ်။

ဒုခေါင်ပွဲထိုးသတ်ရမဲ့ သန့်ဇင်နဲ့ ပြိုင်ဘက်ကတော့ ထိုင်းနိုင်ငံသား Tai Sor Jor Peik Uthani ပါ။ သူကတော့ One မှာ နှစ်ပွဲထိုးပြီး နှစ်ပွဲရှုံးထားသူဖြစ်ပြီး သူအမှတ်နဲ့ ရှုံးခဲ့တာက မြန်မာနိုင်ငံသားလက်ဝှေ့ကျော် ဆွန်ရက်ကိုဖြစ်ပြီး သူအလဲထိုးနဲ့ ရှုံးထားတာက ဂျိုဟန်ဂါဇလီကိုပါ။ ရှေ့မှာ မွေထိုင်းပွဲသုံးပွဲထိုးထားပြီး နှစ်ပွဲနိုင် တစ်ပွဲရှုံးရလဒ်လည်း တွေ့ရပါသေးတယ်။ ဒီလိုမျိုး မှတ်တမ်းမကောင်း One မှာလည်း နှစ်ပွဲထိုး နှစ်ပွဲစလုံးရှုံးတဲ့ထိုင်းလက်ဝှေ့သမားနဲ့ သန့်ဇင်ကို ဘာကြောင့် ဒုခေါင်ပွဲတည်သလဲတွေးစရာဖြစ်ပေမဲ့လည်း အရေးကြီးတာကတော့ အစ်ကိုထွန်းလွင်မိုး မျက်လုံးခွဲဖို့နဲ့ မိသားစုအတွက် ပေးဆပ်ကစားနေတဲ့ သန့်ဇင်နိုင်ဖို့ပဲ မြန်မာနိုင်ငံသားတွေက ဆုတောင်းကြမှာပါပဲ…။ သေချာတာကတော့ One ဟာ ထိုင်းနိုင်ငံသားနဲ့ပွဲတည်တိုင်း သူ့နိုင်ငံသား အနိုင်ရဖို့ ဘက်လိုက်တတ်တဲ့အကျင့်ရှိတာကြောင့် သန့်ဇင်က Tai ကို အလဲထိုးနိုင်မှပဲ နိုင်မယ်ဆိုတာပါပဲ….။

Leave a Reply

Your email address will not be published. Required fields are marked *