BNP ပါတီရုံးရှေ့၌ စုဝေးနေကြသော ပါတီထောက်ခံသူများကို ရဲတပ်ဖွဲ့က ဒီဇင်ဘာလ ၇ ရက်က ဖမ်းဆီးနှိမ်နင်းစဉ်။

၉. ၁၂. ၂၀၂၂
Translated by Htwe Ko Tun

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နိုင်ငံအနှံ့ဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိရာ ဒီဇင်ဘာ ၉ ရက် နံနက်အစောပိုင်းနာရီများတွင်မူ အဓိကအတိုက်အခံပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ(BNP) ၏ ထိပ်တန်းခေါင်းဆောင်နှစ်ဦးကို ၎င်းတို့၏အိမ်များတွင် ရဲတပ်ဖွဲ့ကဖမ်းဆီးသွားခဲ့ကြောင်း BNP ပါတီပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

ဝန်ကြီးချုပ် ဟာစီနာ ရာထူးမှ နုတ်ထွက်ပေးရေးအတွက် တောင်းဆိုဆန္ဒပြကြရန် စီစဉ်ထားသည့်ရက်မတိုင်မီ တစ်ရက်အလို၌ ဤကဲ့သို့ ဖမ်းဆီးသွားခဲ့ခြင်းဟုလည်း သိရသည်။

ဓာတ်အားဖြတ်တောက်မှုများနှင့် လောင်စာဆီဈေးနှုန်းမြင့်တက်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နိုဝင်ဘာလမှစ၍ လက်ရှိအစိုးရကို ဆန္ဒပြမှုများ နိုင်ငံအနှံ့ဖြစ်ပွားလျက်ရှိသည်။ ဆန္ဒပြပွဲများတွင် ကြားဖြတ်အစိုးရတစ်ရပ်လက်အောက်၌ ရွေးကောက်ပွဲကျင်းပပေးရေးနှင့် ဝန်ကြီးချုပ် ဟာစီနာ ရာထူးမှနုတ်ထွက်ပေးရန် တောင်းဆိုလျက်ရှိကြသည်။

ဒီဇင်ဘာ ၁၀ ရက်၌ ပြုလုပ်မည့် ဆန္ဒပြပွဲကြီးအတွက် ကြိုတင်ပြင်ဆင်နေသော BNP ပါတီထောက်ခံသူထောင်နှင့်ချီသည့် ဆန္ဒပြသမားများကိုလည်း လွန်ခဲ့သောနှစ်ရက်က မြို့တော်ဒက္ကာတွင် ရဲတပ်ဖွဲ့က ကျည်တုများ၊ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်နှိမ်နင်းခဲ့သည်။ ထို့ကြောင့် အနည်းဆုံး ဆန္ဒပြသမားတစ်ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ကြသည်။

BNP ပါတီအထွေထွေအတွင်းရေးမှူး မာဇာဖက်ရူလ် အစ္စလာမ် အလမ်ဂျာနှင့် ဝန်ကြီးဟောင်းတစ်ဦးဖြစ်ခဲ့သလို ပါတီ၏ ထိပ်ပိုင်းဦးဆောင်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သော မာဇာ အက်ဘာ တို့ကို ဒီဇင်ဘာ ၉ ရက် နံနက် ၃ နာရီတွင် ၎င်းတို့အိမ်များမှ ဖမ်းဆီးသွားခဲ့ခြင်းဟုလည်း BNP ပါတီက ပြောကြားခဲ့သည်။

၎င်းတို့ကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရကြောင်းလည်း BNP ပါတီ တာဝန်ရှိသူများက ဆိုသည်။ ရဲတပ်ဖွဲ့ကမူ တစ်စုံတစ်ရာပြောကြားခြင်းမရှိသေးကြောင်း သိရသည်။

ဒီဇင်ဘာ ၁၀ ရက် ဆန္ဒပြပွဲကြီးအကြိုတွင် မြို့တော်ဒက္ကာ၌ အခြေအနေတင်းမာလျက်ရှိကြောင်းသိရပြီး BNP ပါတီကလည်း တစ်နိုင်ငံလုံးရှိ ပါတီထောက်ခံသူများကို ဒက္ကာမြို့ဆန္ဒပြပွဲ၌ပါဝင်ရန် စည်းရုံးလျက်ရှိသည်။ ရဲတပ်ဖွဲ့ကလည်း ပါတီရုံးရှေ့၌ဆန္ဒပြခြင်းကို ခွင့်မပြုကြောင်း ရာဇဝတ်မှုမြင်ကွင်းတစ်ရပ်အနေနှင့် ရှုမြင်ကြောင်းပြောခဲ့ပြီး ဓာတ်ဆီပုလင်းဗုံးများကို ထိုနေရာမှ ရှာဖွေတွေ့ရှိရကြောင်းလည်း ပြောခဲ့သည်။

သို့သော် BNP ပါတီကမူ ဆန္ဒပြပွဲကြီးအားစီစဉ်ထားသည့်အတိုင်း ဆက်လက်ဆောင်ရွက်မည်ဟု ပြောကြားလျက်ရှိသည်။ ပါတီပြောရေးဆိုခွင့်ရှိသူ ဆွာပန်းက ရဲတပ်ဖွဲ့အနေနှင့် ဒီဇင်ဘာလ ၁၀ ရက် ဆန္ဒပြပွဲကြီးမဖြစ်မြောက်စေရန် ပါတီ၏ လှုပ်ရှားသူများနှင့် ထောက်ခံသူများ ၂,၀၀၀ ခန့်ကို ဖမ်းဆီးထားကြောင်း ပြောခဲ့သည်။

Ref-AFP

Leave a Reply

Your email address will not be published. Required fields are marked *

Related News