၁၇. ၃. ၂၀၂၄
Written by Nyein Kyaw

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ ၁၁ ရက်မှစတင်ဖြေဆိုခဲ့ရာ မတ်လ ၁၆ ရက်တွင် သိပ္ပံ၊ ဝိပ္ပံနှင့် ဝိဇ္ဇာဘာသာတွဲ (၂) များ ဖြေဆိုမှုကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ဖြေဆိုရန် စာရင်းပေးသူဦးရေ၏ ၈၇ ဒသမ ၇၉ ရာခိုင်နှုန်း လာရောက်ဖြေဆိုခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် နိုင်ငံခြားစာစစ်ဌာန ၁၁ ခုနှင့် ပြည်တွင်း၌ စာစစ်ဌာန ၈၃၀ ခု၊ စာစစ်ဌာန စုစုပေါင်း ၈၄၁ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၁၄၆,၅၂၃ ရှိခဲ့သည်။

မတ်လ ၁၆ ရက်တွင် သိပ္ပံ၊ ဝိပ္ပံနှင့် ဝိဇ္ဇာဘာသာတွဲ (၂) နောက်ဆုံးနေ့အဖြစ် ဇီဝဗေဒဘာသာနှင့် ဘောဂဗေဒဘာသာတို့ကို လာရောက်ဖြေဆိုသူဦးရေ ၁၂၈,၆၃၅ ဦးရှိသည့်အတွက် ဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေထက် ၁၇,၈၈၈ ဦး (၁၂ ဒသမ ၂၁) ရာခိုင်နှုန်းသာ လျော့ကျခဲ့ပြီး ဖြေဆိုသူဦးရေ ၈၇ ဒသမ ၇၉ ရာခိုင်နှုန်းရှိခဲ့သည်။

ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆိုသည့် မြန်မာစာဘာသာ ဖြေဆိုသည့်နေ့တွင် လာရောက်ဖြဆိုသူ ၁၂၈,၈၀၁ ဦးရှိပြီး ဖြေဆိုရာခိုင်နှုန်းမှာ ၈၇ ဒသမ ၉၀ ရှိခဲ့သည်။ ထို့နောက် အင်္ဂလိပ်စာဘာသာ‌ ဖြေဆိုသည့်နေ့တွင် လာရောက်ဖြေဆိုသူ ၁၂၈,၇၂၅ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၈၇ ဒသမ ၈၅ ရာခိုင်နှုန်းသို့ လျော့ကျခဲ့ပြီး သင်္ချာဘာသာ ဖြေဆိုသည့်နေ့တွင် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၂၈,၇၀၅ သာရှိတော့သဖြင့် မြန်မာစာဖြေဆိုသည့်နေ့ထက် ၉၆ ဦး ပျက်ကွက်ခဲ့၍ ဖြေဆိုရာခိုင်နှုန်း ၈၇ ဒသမ ၈၃ ရာခိုင်နှုန်းသို့ ထပ်မံကျဆင်းခဲ့ခြင်းဖြစ်သည်။

မတ်လ ၁၆ ရက်တွင် တက္ကသိုလ်ဝင်စာမေးပွဲ သိပ္ပံ၊ ဝိပ္ပံနှင့် ဝိဇ္ဇာဘာသာတွဲ (၂) များ၏ နောက်ဆုံးနေ့အဖြစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရာတွင် ဘောဂဗေဒနှင့် ဇီဝဗေဒဘာသာနှစ်ခုအား လာရောက်ဖြေဆိုသူဦးရေ ၁၂၈,၆၃၅ ရှိသဖြင့် ဖြေဆိုသူရာခိုင်နှုန်း ၈၇ ဒသမ ၇၉ သို့ ထပ်မံကျဆင်းခဲ့သည်။ သို့သော် နောက်ဆုံးရက်တွင် မြန်မာစာဘာသာ စတင်ဖြေဆိုသည့်ဦးရေထက် ၁၆၆ ဦးသာ ပျက်ကွက်မှုရှိခဲ့ခြင်းဖြစ်သည်။

ဘောဂဗေဒဘာသာရပ်အား ဖြေဆိုရန်စာရင်းပေးသွင်းသူဦးရေ ၉၈,၀၄၁ ဦးရှိသည့်အနက် လာရောက်ဖြေဆိုသူ ၈၃,၅၁၀ ဦးဖြေဆိုခဲ့သည့်အတွက် ဖြေဆိုရာခိုင်နှုန်း ၈၅ ဒသမ ၁၈ ရာခိုင်နှုန်းရှိကြောင်းနှင့် ဇီဝဗေဒဘာသာရပ်အား ဖြေဆိုရန်စာရင်းပေးသူဦးရေ ၄၈,၄၈၂ ဦးရှိသည့်အနက် လာရောက်ဖြေဆိုသူ ၄၅,၁၂၅ ဦးရှိသည့်အတွက် ဖြေဆိုရာခိုင်နှုန်း ၉၃ ဒသမ ၀၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News