၁၆ .၃.၂၀၂၄
Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မင်းလမ်းထဲက အလှပြင်ဆိုင်အတွင်း အမျိုးသမီး ခုနစ်ဦး သတိလစ်မေ့မြော ခဲ့တဲ့ ဖြစ်စဥ် ဒီနေ့ မတ်လ ၁၆ ရက် ည ၇ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ပရဟိတ အဖွဲ့ထံကနေ သိရပါတယ်။

ဖြစ်စဥ်က အဆိုပါ အလှပြင်ဆိုင်ရဲ့ နောက်ဖေးခန်းမှာ နှိုးထားတဲ့ မီးစက်အခိုးအငွေ့တွေ ဆိုင်ရှေ့ အလုံပိတ်အအေးခန်းထဲ ဝင်လာရာက ဆိုင်အတွင်းရှိ အမျိုးသမီး ၇ ဦး အောက်စီဂျင်ပြတ်လပ် သတိလစ်မေ့မြောတဲ့အထိ ဖြစ်ပွားခဲ့တာပါ။

အခင်းဖြစ်စဥ်နေရာကို မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ စမ်းချောင်းအရန် မီးသတ်တပ်ဖွဲ့ မှ တာဝန်ရှိသူက” ကျွန်တော်တို့ စမ်းချောင်းအရန်မီးသတ်လူနာတင်ယာဥ်ပေါ်မှာ အရေးပေါ် ပြုစုပေးမှုအနေနဲ့ အောက်စီဂျင် ရှုခိုင်းတာတွေ ပြုလုပ်ပေးရတယ်။ လူနာတွေ အခြေအနေက ကောင်းပါတယ်။ တစ်ဦးကတော့ အတော်များများ ရှုရှိုက်မိလိုက်ပုံပဲ။ အတော်မူးပြီးမောနေတာပေါ့” လို့ MT News က စုံစမ်းမေးမြန်းမှုကို ပြန်လည်ဖြေကြားပါတယ်။

အခုအခါမှာ ပူပြင်း ခြောက်သွေ့တဲ့ နွေရာသီလည်း ရောက်ရှိလာပြီဖြစ်ခါ လျှပ်စစ်မီးကို အသုံးပြုပြီး လုပ်ကိုင်ကြရတဲ့ အသေးစားအလတ်စားကအစ အိမ်တွင်းမှု တစ်ပိုင်တစ်နိုင် လုပ်ငန်းတွေ အထိ ဒီဇယ်အင်ဂျင်သုံး၊ ဓာတ်ဆီ အင်ဂျင်သုံး မီးစက်တွေကို အသုံးပြုမှု ပိုမို များပြားလာပြီး စနစ်တကျ အသိပညာပေးမှု အားနည်းတာတွေကြောင့် အိမ်အတွင်း ဆိုင်အတွင်း မြေအောက်ခန်းတွေမှာထား သုံးနေကြတာဟာ Safety အသိပညာ အရမ်းနည်းတာကြောင့်လို့ ရောင်စဥ်မဲ့ ပရဟိအသင်း တာဝန်ရှိသူ ကိုသန်းထိုက်အောင်က သူ့အမြင်ကို ပြောပါတယ်။

ကိုသန်းထိုက်အောင်က “တကယ်ဆို မီးစက်ဆိုတာ အိမ်အပြင် ပေ ၂၀ မှာအသုံးပြုရတာ။ ခုက Enclosed Space ဖြစ်နေတော့ အသက်ပါပေးရနိုင်တယ်။ မြန်မာပြည်အခြေအနေနဲ့တော့ အဲ့ဒီလောက် အကွာအဝေးထားပြီး မီးစက်နှိုးဖို့ ‌မဖြစ်နိုင်ဘူးလေ။ အဲ့ဒီအဆိပ်ငွေ့ မဝင်အောင်တော့ ဂရုစိုက်သင့်တယ်။ နိုင်ငံခြားမှာဆို အဲ့ဒီ့အငွေ့အတွက် Alarm စနစ်တွေ တပ်ဆင်ကြတာရှိတယ်။ အသက်ရှုမဝဖြစ်မယ်။ မူးဝေဖြစ်ချင်ပြီဆိုတာနဲ့ အပြင်ထွက်။ အသက်ဝဝရှုပြီး နီးစပ်ရာ Ambulance ဆက်သွယ်ရမှာ။ အခု အဲ့ဒီ့ အသိမရှိတော့ အဲ့ဒီ့အထဲမှာပဲ သတိလစ်တဲ့အထိနေကြတာ။ Carbon Monoxide က Invisible killer လို့ ပြောလို့ရတယ်”လို့ ပြောပါတယ်။

အဆိုပါ ဖြစ်စဥ်မှာ အောက်စီဂျင်ပြတ်လပ်မှု ဝေဒနာ ခံစားခဲ့ကြရတဲ့ အမျိုးသမီး ခုနစ်ဦးကို စမ်းချောင်းပရဟိတအသင်း၊စာနာစိတ်နှင့်တွဲလက်များ၊ ကြယ်စင်ပရဟိတအသင်း၊ မန်ကျည်တန်းမြောက်ပရဟိတအသင်း လူနာတင်ယာဥ်တွေနဲ့ ရန်ကုန်ဆေးရုံကြီး (ဂျပန်ဆေးရုံ) ကို ပို့ဆောင်ကူညီပေးခဲ့ကာ လက်ရှိအချိန်ထိ လိုအပ်တဲ့ ပြုစုကုသမှုတွေ ခံယူနေဆဲလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *