ကိုဗစ်နှင့် ယှဥ်တွဲနေထိုင်နေထိုင်နေရသည့် တရုတ်ပြည်သူများ

MT News

Written by Pan Ei

တရုတ်နိုင်ငံ​၏ တင်းကြပ်လှသော ကိုဗစ်ကူးစက်မှုကာကွယ်ရေးစည်းကမ်းချက်များသည် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးနယ်ပယ်ကို ထိခိုက်စေခဲ့ပြီး ဆန္ဒပြပွဲများ၊ ရုန်းရင်းဆန်ခတ်မှုများကို နိုင်ငံတစ်ဝန်းတွင် ဖြစ်ပေါ်စေခဲ့သောကြောင့် ကိုဗစ် မူဝါဒများကို ဖြေလျှော့ပေးပြီးနောက်တွင် နေထိုင်သူအများအပြားက သက်သာရာရကြောင်း ထုတ်ဖော်ပြောဆိုကြသော် လည်း အချို့ကမူဗိုင်းရပ်စ်​၏ နောက်ဆက်တွဲ ကူးစက်မှုဖြစ်ပေါ်လာမည့် အန္တရာယ်များနှင့် ပတ်သက်၍ စိုးရိမ်နေကြသည်။

အမျိုးသားကျန်းမာရေးကော်မရှင် NHC က ဗုဒ္ဓဟူးနေ့တွင် ရောဂါပိုးကူးစက်ခံရသူများထဲမှ ရောဂါလက္ခဏာမပြသူများအား အိမ်တွင်သာ ကွာရန်တင်းဝင်ရန် သတ်မှတ်ပေးခဲ့ပြီး နိုင်ငံအနှံ့ ခရီးသွားခြင်းအပါအဝင် သွားလာမှုအမျိုးမျိုးအတွက် မိုဘိုင်းအက်ပ်များတွင် စမ်းသပ်စစ်ဆေးခြင်းနှင့် ကျန်းမာရေးအခြေအနေ စစ်ဆေးခြင်းများ ပြုလုပ်ရန် လိုအပ်ကြောင်း ညွှန်ကြားခဲ့သည်။

တရုတ်နိုင်ငံ​၏ ဆိုရှယ်မီဒီယာဖြစ်သော Weibo အသုံးပြုသူတစ်ဦးက “ကျွန်ုပ်တို့ရဲ့ ဘဝတွေ ပုံမှန်ပြန်ဖြစ်ဖို့ အချိန်တန်ပြီ၊ တရုတ်က ကမ္ဘာကို ပြန်လည်ရောက်ဖို့ အချိန်တန်ပြီ” ဟု ရေးသားခဲ့သည်။

သို့သော် ကပ်ရောဂါစတင်သည်မှစ၍ ကန့်သတ်တားမြစ်ချက်များကို အကြီးမားဆုံး ဖြေလျှော့မှုလုပ်ပြီးနောက် ကျန်းမာရေး အာဏာပိုင်များသည် မြို့ကြီးများမှ ပြည်သူများအား သတိပြုနေထိုင်ကြရန် တိုက်တွန်းထားသည်။

Weibo တွင် Omicron ကူးစက်ခံရပါက မည်သို့လုပ်ရမည်နည်း စသည့်အကြောင်းအရာများနှင့် ပတ်သက်သည့် ခေါင်းစဉ်များ ခေတ်စားလျက်ရှိပြီး ဒီဇင်ဘာ ၈ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ မြို့ကြီးများ၌ အဖျားကျဆေးများကို အလုအယက်ဝယ်ယူခြင်းများ ရှိခဲ့သည်။

သို့သော် ကိုဗစ် အန္တရာယ်များနှင့်ပင်လျှင် ဘဝဆက်လက်ရှင်သန်ရမည်ဟု လူအများက လက်ခံထားကြသည်။

“ဒီဗိုင်းရပ်စ်ကို လုံးလုံးသတ်ပစ်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါက တဖြည်းဖြည်း တုပ်ကွေးအဖြစ်ကို ပြောင်းလဲလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု အသက် ၂၂ နှစ်အရွယ် ဘေဂျင်းမြို့ခံတစ်ဦးဖြစ်သူ Yan က ဆိုသည်။

Ref; CNN, Reuters

Leave a Reply

Your email address will not be published. Required fields are marked *