April 29, 2024

၁၆. ၃. ၂၀၂၄
Written by Nay Moe

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့ကို ယင်းမာပင်ခရိုင် တပ်ပေါင်းစုက မတ်လ ၂ ရက်ကနေ မတ်လ ၁၂ ရက်ထိ တိုက်ခိုက်သိမ်းပိုက်ရာမှာ PDF ၁၁ ဦး သေဆုံးတယ်လို့ အမှတ် (၁) စစ်ဒေသ၊ ယင်းမာပင်ခရိုင် တပ်ရင်း(၂) Kani People Defence Force က အခု ပြောပါတယ်။

ကနီမြို့က ရဲစခန်း၊ ထွေအုပ်ရုံး၊ ဘုရားကုန်း၊ ဆေးရုံ၊ စာသင်ကျောင်းတွေမှာ အခြေချနေတဲ့ ခလရ (၈၇၊ ၈၉၊ ၂၂၂)၊ ခမရ-၃၁၃ ပူးပေါင်းအင်အား (၁၀၀) ကျော်၊ အင်မထီးရွာက လေကြောင်းနဲ့ အင်အားပို့ချလာသော ထပ်တိုးအင်အား ၁၂၀ ခန့်နဲ့ ရေဦးမြို့က စစ်ကူလာတဲ့ ဘီလူးစစ်ကြောင်း အင်အား (၈၀) ခန့်တို့ကို PDF အဖွဲ့ ၂၀ ကျော်ဖြစ်တဲ့ ယင်းမာပင်ခရိုင် ကွပ်ကဲရေး၊ ယင်းမာပင်ခရိုင် တပ်ရင်း (၁၊ ၂၊ ၆၊ ၉၊ ၁၇၊ ၁၈၊ ၂၁၊ ၂၂၊ ၂၃၊ ၂၅၊ ၂၇၊ ၃၀၊ ၃၂)၊ LPDF၊ ဆားလင်းကြီးစစ်ကြောင်း၊ Alpha စစ်ကြောင်း၊ ဒရုန်းတပ်ဖွဲ့များ၊ ကနီမြို့နယ် ပအဖ၊ ပကဖ (ယင်းမာပင်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ ပုလဲမြို့နယ်၊ ကနီမြို့နယ်) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။

ဒီမြို့သိမ်းတိုက်ပွဲသို့ လေကြောင်းက Mi-35 နဲ့ Jet Fighter တို့နဲ့ လေကြောင်းတိုက်ခိုက်မှုပေါင်း ၅၄ ကြိမ် တိုက်ခိုက်ခဲ့ပြီး Y-12 နဲ့ ဗုံးသီးအလုံး ၁၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီတိုက်ပွဲမှာ PDF တွေက လက်နက်မျိုးစုံ ၁၁ လက်၊ ဗုံးသီးမျိုးစုံ ၅၀ ကျော်၊ ကျည်မျိုးစုံ ၁၃၀၀ ကျော်၊ မီးကျည် ၂၀ ခန့်၊ ရှေ့ထွက်မိုင်း ၃ ခု၊ ကျည်အိမ် ၂၀ ကျော်နဲ့ Jammer ၂ ခု သိမ်းဆည်းရသလို လုံခြုံရေးတပ်ဖွဲ့ဝင် ၄၇ ဦးသေပြီး ၁၁ လောင်းရတယ်လို့လည်း Kani People Defence Force က ပြောပေမဲ့ သက်သေမပါဝင်သလို MT News ကလည်း အတည်မပြုနိုင်ပါဘူး။

ဒီ ကနီမြို့သိမ်းတိုက်ပွဲမှာ PDF ဘက်က ၁၁ ဦး သေဆုံးခဲ့သလို ကနီမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမဲ့လည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်က စစ်ကူအင်အား အများအပြားပို့ချတာနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မတ်လ ၁၂ ရက်မှာ ကနီမြို့မှ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့လည်း Kani People Defence Force က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *