၁၆. ၃. ၂၀၂၄
Written by Nay Moe

နမ္မတူမြို့နယ်၊ ပန်လုံ – မန်စံကြား မိုင်းမုကျေးရွာအနီးမှာ ယမန်‌နေ့ ည(၇)နာရီအချိန်ခန့်က ယာဥ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူသေဆုံးသွားတယ် ပြောပါတယ်။

အဆိုပါ ယာဥ်တိုက်မှုဖြစ်စဥ်ဟာ ပန်လုံကနေ မန်စံဆီကို ယာဥ်မောင်း ဦးမောင်မောင်စိုးဆိုသူ မောင်းနှင်လာတဲ့ ၆-ဘီး ကုန်တင်ယာဥ်နဲ့ မန်စံကနေ ပန်လုံဘက်ဆီ ဦးတည် မောင်းနှင်လာတဲ့ အသက်(၂၀)နှစ်အရွယ် မိုင်းအိုက်လော့ဆိုသူတို့ ယာဥ်တိုက်မှုဖြစ်ပြီး ဆိုင်ကယ်မောင်းနှင်သူဟာ ဦးခေါင်းမှာဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တာကြောင့် မန်စံတိုက်နယ်ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူပေမဲ့ သေဆုံးသွားတာပါ။

ယာဥ်တိုက်မှုကြောင့် သေဆုံးသွားတဲ့ မိုင်းအိုက်လော့ဟာ မိုင်းကိုင်မြို့နယ်၊ လွယ်လော်မ်ကျေးရွာဇာတိဖြစ်ပြီး မန်စံကျေးရွာအုပ်စု မန်ဆာကျေးရွာက ဆွေမျိုးတွေထံ ပြောင်းဖူးချိုးတဲ့ နေ့စားအလုပ် လာရောက်လုပ်ကိုင်နေသူပါ။

လက်ရှိမှာ PSLF/TNLA က အသက်(၃၁)နှစ်အရွယ် ကုန်တင်ယာဥ်မောင်း ဦးမောင်မောင်စိုးဆိုသူကို ယာဥ်မဆင်မခြင်မောင်းနှင်မှုနဲ့ အရေးယူဆောင်ရွက်နေတယ် ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *