၁၆. ၃. ၂၀၂၄
Written by Pan Ei
မလေးရှားနိုင်ငံ ဆီရမ်ဘမ်းမြို့က အသက် ၂၉ နှစ်အရွယ် Leong လို့အမည်ရတဲ့ အမျိုးသားတစ်ဦးဟာ သူ့ရဲ့ အသက် ၃၅ နှစ်အရွယ် အစ်မဖြစ်သူကို လူကုန်ကူးသူတွေက ဖမ်းဆီးသွားပြီး မြန်မာနိုင်ငံက မြဝတီမြို့ကို ခေါ်ဆောင်သွားခဲ့ကာ အခုလက်ရှိမှာ သူမဟာ အွန်လိုင်းလိမ်လည်မှုအလုပ် စေခိုင်းခြင်းခံနေရကြောင်း မကြာသေးမီက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
အဲ့ဒီအဖြစ်အပျက်ကို ပြန်ပြောင်းပြောပြရာမှာ Leong ရဲ့ အစ်မဖြစ်သူဟာ Facebook မှာ အမျိုးသားတစ်ဦးနဲ့ တွေ့ဆုံခဲ့ကာ စင်ကာပူမှာ ဂိုဒေါင်ပိုင်ရှင်အလုပ်အတွက် စင်ကာပူဒေါ်လာ ၃၀၀၀ နဲ့ အလုပ်လုပ်ဖို့ ကမ်းလှမ်းခံခဲ့ရတယ်လို့ ပြောပါတယ်။
အဲ့ဒါကြောင့် သူမက မတ်လ ၁ ရက်က မလေးရှားကနေ စင်ကာပူကို လေယာဉ်နဲ့ ထွက်ခွာခဲ့ပြီး အဲ့ဒီကနေ ဘန်ကောက်ကို လေယာဉ် ထပ်စီးခဲ့ရကာ မြန်မာနိုင်ငံ နယ်စပ်ကို ကားနဲ့ သွားခဲ့ရတယ်လို့ သိရပါတယ်။
သူ့အစ်မ မြန်မာနိုင်ငံကို သွားခဲ့ရတယ်ဆိုတာ သူ့မိသားစုက မသိဘူးလို့ Leong က ပြောခဲ့ပြီး “သူမ စင်ကာပူကို သွားတော့မယ်လို့ပဲ ကျွန်တော်တို့ကို ပြောခဲ့တယ်။ မတ် ၅ ရက်က သူမ အကူအညီတောင်းဖို့ ဖုန်းဆက်တဲ့အခါမှ ဒါတွေကို သိခဲ့ရတာပါ” လို့ Leong က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
Leong ရဲ့ အစ်မဖြစ်သူဟာ အခုလက်ရှိမှာ ထိုင်း-မြန်မာနယ်စပ် မြဝတီနယ်နိမိတ်ထဲက လူကုန်ကူးမှုအဖွဲ့ ‘KK Garden’ ရဲ့ သားကောင်ဖြစ်နေပြီး သူမဟာ တခြားသားကောင် ၁၀ ယောက်နဲ့အတူ အခန်းငယ်တစ်ခုမှာ ချုပ်နှောင်ထားခံရတယ်လို့လည်းယူဆရကာ သူမဆီက နောက်ဆုံးစာကတော့ “ကျွန်မကို ကယ်ပေးပါ။ အိမ်ပြန်ခေါ်ပေးပါ။” ဆိုပြီး ဖြစ်ပါတယ်။
ဒါ့အပြင် Leong ဟာ အစ်မဖြစ်သူကို လွတ်မြောက်စေချင်ရင် မလေးရှားရင်းဂစ်ငွေ ၅၀,၀၀၀ ပေးဖို့ တောင်းဆိုတဲ့ အမျိုးသားတစ်ဦးဆီက ဖုန်းခေါ်ဆိုမှုကိုလည်း လက်ခံရရှိခဲ့ပြီး ပိုက်ဆံမပေးနိုင်ရင် သူ့အစ်မနေရာမှာ အစားထိုးဖို့ လူနှစ်ယောက်ရှာပေးရမယ်လို့ ပြောတယ်လို့လည်း Leong က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အဲ့ဒါကြောင့် သူဟာ သူအစ်မဖြစ်သူရဲ့ လုံခြုံရေးကို စိုးရိမ်တာကြောင့် ရဲစခန်းကို တိုင်ကြားပြီး မလေးရှားလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်း(MHO) ကို အကူအညီတောင်းခံခဲ့တာပါ။
မြဝတီမှာ ကျန်ရှိနေသေးတယ်လို့ ယူဆရတဲ့ ဒုက္ခသည်တွေကို ရှာဖွေကယ်ဆယ်ဖို့ မြန်မာနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (NGO) တို့ရဲ့ အကူအညီကိုလည်း ရယူရမယ်လို့ Leong က ပြောကြားခဲ့ပေမဲ့ အဲ့ဒီ နယ်မြေဟာ မြန်မာနိုင်ငံ ပြည်ထောင်စု အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ မရှိတာကြောင့် ကြိုးပမ်းဖို့က အချိန်ယူရမှာဖြစ်တယ်လို့လည်း သူက ဆက်လက်ပြောကြားခဲ့ပါတယ်။
Ref; New Straits Times

