၁၆. ၃. ၂၀၂၄
Written by Ye Kyaw

ပြည်တွင်းရှိ ရွှေဆိုင်များ သတ်မှတ်ရွှေဈေးနှုန်းအောက်တွင် အရောင်းအဝယ်မပြုလုပ်နိုင်ပါက ရွှေအရောင်းအဝယ်ရပ်ထားရန် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း (YGEA) က ယ‌နေ့တွင် သတိပေး ထုတ်ပြန်ထားသည်။

YGEA ၏ ထုတ်ပြန်ချက်၌ “ယနေ့ရွှေဈေးကွက်အတွင်းတွင် ပြင်ပရွှေဝယ်ရောင်းလုပ်သူများနှင့် ရွှေဆိုင်များအားလုံးသည်လည်း YGEA သတ်မှတ်ဈေးနှုန်း အောက်တွင် အရောင်းအဝယ်ပြုလုပ်ရန်နှင့် မပြုလုပ်နိုင်ပါက ရွှေအရောင်းအဝယ် ရပ်ထားပေးပါရန် အထူးသတိပေးအပ်ပါသည်။ ကောလာဟလ အခြေအမြစ်မရှိသော သတင်းအမှားအမျိုးမျိုးကို အကြောင်းပြု၍ ပြင်ပဈေးကွက်အတွင်း အရောင်းပြုလုပ်သူများမှ ရွှေဈေးနှုန်းကို ဈေးကစား၍ ဆွဲတင်/ဆွဲချလျက်ရှိပါသည်။ ၎င်းဖြစ်စဉ် အကြောင်းအရင်း အမှန်များကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ စုံစမ်းစစ်ဆေးလျက်ရှိပြီး အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်နေပါသည်။ သို့ဖြစ်ပါ၍ ပြင်ပဈေးကွက်တွင် ရောင်းဝယ်နေသူများအနေဖြင့် ကောလာဟလများကို အကြောင်းပြုပြီး ဈေးကစားခြင်းများ မပြုလုပ်ပါရန် အထူးသတိပေး ပန်ကြားအပ်ပါသည်။” ဟု ဖော်ပြထားသည်။

“ကျွန်တော်တို့က သူ့ပေါက်ဈေးတွေနဲ့ အကုန်လုံး တွက်ချက်ပေးထားတာပေါ့။ အဲဒါကို ဈေးကစားတဲ့သူတွေက ဈေးတင်ပြီး ဈေးကွက်ကို ကသောင်းကနင်းဖြစ်အောင် လုပ်တာပေါ့။ အဲဒါမျိုးကို ဗဟိုဘဏ်ကလည်း ထုတ်ပြန်ထားတယ်။ ဗဟိုဘဏ်ကနေပြီး အခုသက်ဆိုင်ရာဌာနတွေကိုလည်း ဆက်ခိုင်းထားတယ်ပေါ့။ အထူးစုံစမ်းစစ်ဆေးရေးဌာနရှိတယ်။ ကျွန်တော်တို့ ဒီဘက်က ထွေအုပ်ရှိတယ်ပေါ့။ သတ္တုအာဏာပိုင် အဖွဲ့အစည်းတွေရှိတယ်။ အဲဒါတွေကနေ စစ်ဆေးပြီးတော့ ကျွန်တော်တို့ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်က MT News သို့ ပြောထားသည်။

ကောလာဟလများထုတ်လွှင့်ပြီး ပြင်ပဈေး‌ရွှေဈေးနှုန်းတွင် ကျပ် ၄၁ သိန်းခွဲကျော်အထိ မြင့်တက်အောင် ဆွဲတင်ထားပြီး အဆိုပါအမြင့်ရွှေနှုန်းဖြင့် ‌ရွှေလာရောင်းလျှင် ဝယ်ယူမှုမရှိသော်လည်း ရွှေလာဝယ်လျှင် ရွှေရောင်းချနေသည့်အတွက် သတ်မှတ်ရွှေဈေးနှုန်းအောက် အရောင်းအဝယ်မပြုလုပ်နိုင်ပါက အရောင်းရော၊ အဝယ်ပါ ရပ်ထားရမည်ဖြစ်သည်။

“အပြင်မှာ ရွှေဈေးသိန်း ၄၀ ကျော်က အဲဒါကတော့ မဟုတ်ဘူးဗျ။ ကျွန်တော်တို့ ဆိုင်တွေမှာ သွားပြီးတော့ စုံစမ်းလို့ရပါတယ်။ ခင်ဗျားက ရောင်းမယ်ဆိုလို့ရှိရင် အဲဒီဆိုင်တွေက ကျွန်တော်တို့ မဝယ်ပါဘူး။ ဒါက ကျွန်တော်တို့က ကြားတဲ့ဈေးလေးတင်ပေးတာပါ။ ခင်ဗျားက ဝယ်မယ်ဆိုရင်တော့ သူတို့ အပြေးလေးလာရောင်းတာ။ အဲဒါမျိုး ဈေးကွက်ကို ဂျင်းထည့်နေကြတာ” ဟု YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောထားသည်။

မတ်လ ၁၆ ရက်(ယနေ့) မွန်းလွဲ ၂ နာရီခွဲအချိန်တွင် ထုတ်ပြန်ထားသည့် YGEA ၏ သတ်မှတ်ရွှေဈေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၇၉၄,၅၀၀ ဖြစ်သော်လည်း ပြင်ပရွှေဈေးကွက်တွင် ကျပ် ၄,၁၆၀,၀၀၀ သိန်းအထိ ဈေးနှုန်းဖွင့်လှစ်ထားပြီး ကျပ် ၃၆၅၅၀၀ အထိ စျေးဆွဲတင်ထားသည်ကို တွေ့ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *