၁၆. ၃. ၂၀၂၄
Written by Pan Ei

လိပ်ပြာကားထဲက မင်းသမီးလို့ နာမည်ကြီးပြီး မြန်မာပရိသတ်တွေအကြားမှာ အတော်လေးကို ရေပန်းစားတဲ့ တောင်ကိုရီးယား မင်းသမီး Han So Hee က မင်းသား Ryu Jun Yeol နဲ့ တွဲနေတယ်ဆိုတဲ့ သတင်းအပေါ် သူမရဲ့အေဂျင်စီက ငြင်းဆိုပြီး တစ်ရက်အကြာ ဒီနေ့မနက်မှာတော့ သူတို့နှစ်ဦးသား တွဲနေတယ်ဆိုတာကို အတည်ပြုခဲ့ပါတယ်။

မင်းသမီး Han So Hee တွဲနေတယ်လို့ အတည်ပြုခဲ့တဲ့ မင်းသား Ryu Jun Yeol ဆိုတာကလည်း ထူးချွန်ဆုတွေရရှိထားတဲ့ နာမည်ကြီး မင်းသားတစ်လက်ဖြစ်တဲ့အပြင် ပရိသတ်တွေအကြား ပိုမို ပွက်လောရိုက်သွားစေတဲ့ အချက်ကတော့ Ryu Jun Yeol က အဆိုတော်၊ မင်းသမီး တစ်ယောက်ဖြစ်တဲ့ Hyeri နဲ့ ၆ နှစ်ကျော်လောက် လူသိရှင်ကြား တွဲခဲ့ကြသူတစ်ဦး ဖြစ်နေလို့ပါ။

ခုရက်ပိုင်းအတွင်း ဟာဝိုင်အီမှာ Han So Hee နဲ့ Ryu Jun Yeol တို့အပန်းဖြေခရီးထွက်နေကြတာကို ပရိသတ်တချို့က တွေ့ရှိပြီးနောက် သူတို့တွဲနေကြပြီဆိုတဲ့ သတင်းတွေ မနေ့က စတင်ထွက်ရှိလာတာဖြစ်ပြီး Ryu Jun Yeol ရဲ့အေဂျင်စီက မင်းသားက ဟာဝိုင်အီမှာ ရှိနေကြောင်း အတည်ပြုခဲ့ပေမဲ့ ကောလာဟလတွေနဲ့ ပတ်သက်ပြီးတော့ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ကာ Han So Hee ရဲ့အေဂျင်စီကလည်း မင်းသမီးက ရင်းနှီးတဲ့သူငယ်ချင်းတွေနဲ့အတူ အားလပ်ရက်အပန်းဖြေခရီးထွက်နေတာပါဆိုပြီး ကောလာဟလတွေကို ငြင်းဆိုခဲ့ပါတယ်။

အဲ့ဒီနောက် Ryu Jun Yeol နဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက လမ်းခွဲခဲ့ပြီလို့ လူသိရှင်ကြားကြေညာခဲ့တဲ့ ရည်းစားဟောင်းဖြစ်သူ Hyeri က မနေ့က သူမရဲ့ ကိုယ်ပိုင် အင်စတာဂရမ်အကောင့်စတိုရီမှာ ပုံတစ်ပုံနဲ့အတူ “ဒါက ရယ်စရာပဲ” လို့ ရေးသားဖော်ပြခဲ့ပါတယ်။

Heyri ပိုစ့်တင်ပြီးနောက် Han So Hee ကလည်း ဓားကိုင်ထားတဲ့ ခွေးတစ်ကောင်ရဲ့ ဓာတ်ပုံကို တင်ပြီး “ကျွန်မက ချစ်သူရှိနေတဲ့ သူကို သဘောကျနေတာမျိုး မရှိခဲ့ဖူးဘူး။ Just Friend လို့ပြောပြီးလည်း နေရာပေးတာမျိုးမလုပ်ဘူး။ သူများ သမီးရည်းစားဆက်ဆံရေးတွေကို ဝင်မစွက်ဖက်ဘူး။ ကျွန်မလည်းရယ်မိသားပဲ။” စတဲ့ စာသားတွေပါတဲ့ စတိုရီကို ပြန်လည်ချေပ တင်ခဲ့ပါတယ်။

အဲ့ဒါကြောင့် ပရိသတ်တွေက Han So Hee နဲ့ Ryu Jun Yeol တို့ သတင်းက ကောလာဟလသာ ဖြစ်တယ်လို့ သတ်မှတ်ခဲ့ကြပေမဲ့ ဒီနေ့မနက်မှာတော့ Han So Hee ကိုယ်တိုင် သူမရဲ့ ဘလော့ဂ်မှာ သူမနဲ့ Ryu Jun Yeol နဲ့တွဲနေတာမှန်ကန်ကြောင်း ဝန်ခံခဲ့သလို Heyri အပေါ်မှာလည်း ပညာရှိဆန်ဆန် မတုံ့ပြန်မိခဲ့တဲ့အတွက် တောင်းပန်ပါတယ်လို့ သူမက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သူတို့က ပြပွဲတစ်ခုမှာ တွေ့ခဲ့ကြတာဖြစ်ပြီး Ryu Jun Yeol နဲ့ Heyri တို့ပြတ်ပြီး အခုနှစ် ၂၀၂၄ ကမှ သူတို့ အချစ်ရေး စတင်ခဲ့တာဖြစ်သလို မနေ့က အင်စတာဂရမ် စတိုရီကလည်း သူမရဲ့အချစ်ရေးသတင်းတွေနဲ့ ကောလဟာလ မျိုးစုံကို ကြားသိရတဲ့အတွက် ရိုင်းရိုင်းစိုင်းစိုင်းနဲ့ ခံစားချက်အရ ပြုမူမိတာဖြစ်တဲ့အတွက် တောင်းပန်ကြောင်းတွေလည်း Han So Hee ရဲ့ ဘလော့ဂ်မှာ တင်ခဲ့တဲ့ စာသားတွေမှာ ပါဝင်ခဲ့ပါတယ်။

တောင်ကိုရီးယားအနုပညာလောကမှာ နာမည်ကြီး မင်းသား မင်းသမီးကြားက အချစ်ရေးသတင်းတွေက ထွက်လေ့ရှိပေမဲ့ ခုလို သုံးပွင့်ဆိုင် ကိစ္စရပ်တွေ လူသိရှင်ကြား ဖြစ်တာကတော့ ရှားပါးပြီး မင်းသမီး နှစ်ယောက်ကြားက မင်းသား Ryu Jun Yeol က အခုအချိန်ထိ ဘာမှ ထုတ်ပြန်ခြင်းမရှိသေးဘဲ နှုတ်ပိတ်နေတဲ့ အပေါ်တော့ ပရိသတ်တွေက ဝေဖန်မှုတွေ ရှိနေပါတယ်။

Ref; Soompi

Leave a Reply

Your email address will not be published. Required fields are marked *