၁၆.၃.၂၀၂၄
Written by Thin Zar

နေပြည်တော်”လမ်းလျှောက်သင်္ကြန်” တွင် ကိုရီးယားနိုင်ငံမှ K-POP အဆိုရှင်များနှင့်အတူ နာမည်ကြီးအနုပညာရှင်များပါဝင်သီဆိုကပြဖျော်ဖြေမည်ဟု မတ်လ ၁၅ ရက် မွန်းလွဲ ၂ နာရီက နေပြည်တော်၊ ပြန်ကြားရေးဝန်ကြီးဌာနတွင် ကျင်းပသည့် အစည်းအဝေးမှ သိရသည်။

ထိုအစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ နေပြည်တော် စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးမောင်မောင်၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ Brilliant Aura Co.,Ltd မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။

အဆိုပါ​အစည်းအဝေးတွင် နေပြည်တော် လမ်းလျှောက်သင်္ကြန် ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းမှ ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကာလအတွင်း ယခင်နှစ်ကကဲ့သို့ နေပြည်တော်တွင် လမ်းလျှောက်သင်္ကြန်ကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုအရ မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်တွင် နိုင်ငံတော်အဆင့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ဖော်ဆောင်ရန်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့​ပြင် Boss and Jobs Company နှင့် ကိုရီးယားကုမ္ပဏီများ ပူးပေါင်း၍ လမ်းလျှောက်သင်္ကြန် ဗဟိုမဏ္ဍပ်တွင် ကိုရီးယားနိုင်ငံမှ K-POP အဆိုရှင်များနှင့် နာမည်ကြီး အနုပညာရှင်များ ပါဝင်သီဆိုကပြဖျော်ဖြေမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ထင်ပေါ်ကျော်ကြားသည့် အနုပညာရှင်များကိုလည်း နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲနိုင်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

Photo -credit

Leave a Reply

Your email address will not be published. Required fields are marked *