၁၅.၃.၂၀၂၄
Written by Thin Zar

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့၏ ဂုဏ်ကျက်သရေဆောင် ရွှေတိဂုံပုံတူစေတီတော်၏ စိန်ဖူးတော်ရှိ စိန်နှင့်ကျောက်များကို ဘုရား၏စေတီအောက်ရှိ အမှိုက်ပုံးအကြားတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်တွင် မတ်လ ၁၄ ရက် နေ့လယ်ခင်းအချိန် ဘုရား၏ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်ကို ရွှေသင်္ကန်းကပ်လှူမည်ဖြစ်သောကြောင့် စေတီတော်၏ စိန်ဖူးတော်ကို စေတီဝန်ထမ်း ဦးဝင်းနိုင်မှ တက်ရောက်ဖြုတ်ယူပြီး လွယ်အိတ်ထဲသို့ ထည့်ခဲ့ကြောင်း သိရသည်။

အဆိုပါစိန်ဖူးတော်ကို လွယ်အိတ်ထဲသို့ထည့်ပြီး ငှက်မြတ်နားတော်အား စွယ်တော်ဦး ကုမ္ပဏီဝန်ထမ်း (၁၂)ဦးတို့နှင့် စုပေါင်း၍ လက်ဆင့်ကမ်း ပို့ဆောင်ခဲ့ကာ စေတီတော်အောက်ရင်ပြင်သို့ရောက်ရှိချိန် ဦးဝင်းနိုင်မှ စိန်ဖူးတော်ကို စေတီဂေါပက ဦးသိဏ်းမောင်ထံသို့အပ်၍ စစ်ဆေးကြည့်ရှုရာတွင် စိန်ဖူးတော်၏ အထွဋ်၌ တပ်ဆင်ကပ်လှူပူဇော်ထားသည့် “စိန်” မပါရှိကြောင်း သိရပါတယ်။

ထိုကြောင့် စိန်ဖူး​တော်ကို ပတ်လည်ဝန်းရံထားသည့် ပျောက်ဆုံးနေသော စိန် (၁၆) လုံးကို တာဝန်ရှိသူများနှင့်လိုက်လံရှာဖွေရာတွင် မတ်လ ၁၅ ရက် နေ့လယ်ပိုင်းအချိန်တွင် ဘုရား၏ ထီးတော်အောက်ရှိ အမှိုက်ပုံအကြားတွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Photo -credit

Leave a Reply

Your email address will not be published. Required fields are marked *