၁၅. ၃. ၂၀၂၄
Written by Pan Ei

နှစ်နှစ်လောက် ညတိုင်း နားကြပ်တပ် သီချင်းနားထောင်ပြီး အိပ်ခဲ့တဲ့ တရုတ်နိုင်ငံက အမျိုးသမီးတစ်ယောက်ဟာ အကြားအာရုံဆုံးရှုံးခဲ့ရပြီး အခုအခါမှာတော့ နားကြားကိရိယာကို ဝတ်ဆင်ထားရပြီဖြစ်ပါတယ်။

တရုတ်နိုင်ငံ၊ ရှန်ဒေါင်ပြည်နယ်က ဒေသခံကုမ္ပဏီတစ်ခုမှာ အတွင်းရေးမှူးအဖြစ် လုပ်ကိုင်နေတဲ့ ဝမ်အမည်ရှိတဲ့ အမျိုးသမီးတစ်ဦးဟာ မကြာသေးမီက သူမမှာ အကြားအာရုံပြဿနာတွေ ရှိနေတယ်ဆိုတာကို သတိပြုမိပြီးနောက် နားစစ်ဆေးဖို့ ဆေးရုံကိုသွားရောက်ခဲ့ပါတယ်။ ဆေးစစ်ချက်အရ အမျိုးသမီးရဲ့ ဘယ်ဘက်နားမှာ အာရုံကြောဆိုင်ရာ အကြားအာရုံပျက်စီးမှု ရှိနေတာကို သိခဲ့ရပြီး သူမမှာ ထိခိုက်ဒဏ်ရာတစ်ခုခု ရခဲ့သလား ဒါမှမဟုတ် နားထဲမှာ အချိန်အတော်ကြာ ကျယ်လောင်တဲ့ ဆူညံသံတွေကို ခံစားခဲ့ရသလားလို့ ဆရာဝန်တွေက မေးတော့ မစ္စ ဝမ်က သူမစဉ်းစားနိုင်တဲ့ တစ်ခုတည်းသော အရာက ညတိုင်း နားကြပ်တပ်ပြီး သီချင်းနားထောင်တာလို့ ဆိုပါတယ်။

ဆေးရုံက ဒါရိုက်တာ Li Tao က မစ္စဝမ်ရဲ့ အကြားအာရုံ ဆုံးရှုံးရခြင်းမှာ ညတိုင်း သူနားကြပ်တပ်ပြီး သီချင်းနားထောင်တာကြောင့် ဖြစ်နိုင်ကြောင်း တရုတ်သတင်းစာ The Paper ကို ပြောကြားခဲ့ပါတယ်။

သီချင်းသံက အလွန်အကျွံမဟုတ်ရင်တောင် နားဟာ အချိန်အတော်ကြာ ဆူညံသံကို ခံစားခဲ့ရရင် နောက်ဆုံးမှာ အကြားအာရုံကို ထိခိုက်စေနိုင်ပါတယ်။

မစ္စဝမ်ဟာ ကံကောင်းစွာနဲ့ပဲ သူမရဲ့ ဘယ်ဘက်နားကသာ ထိခိုက်ခဲ့ရတာဖြစ်ပြီး အကြားအာရုံဆိုင်ရာ လုပ်ဆောင်မှုကို ပြန်လည်ရရှိဖို့ကတော့ နားကြားကိရိယာကို အသုံးပြုနေရဦးမှာပါ။

မစ္စဝမ်ရဲ့ ဇာတ်လမ်းဟာ မကြာသေးမီက တရုတ်နိုင်ငံမှာ ပျံ့နှံ့သွားခဲ့ပြီး လူငယ်တွေကလည်း သတိထားစရာကိစ္စအဖြစ် အလေးထားခဲ့ကြပါတယ်။

အလားတူပြဿနာတွေကိုရှောင်ရှားရန်ဆရာဝန်တွေက ၆၀ သုံးခုပါတဲ့ နိယာမကို အကြံပေးခဲ့ပြီး အဲ့ဒီ နိယာမကတော့ ၆၀ ဒက်စီဗယ်ထက်ကျော်လွန်နေတဲ့ ပတ်ဝန်းကျင်မှာ နားနဲ့ အကြာကြီး နားထောင်မနေဖို့၊ နားကြပ်နဲ့ ဒါမှမဟုတ် ဒီတိုင်းပဲဖြစ်ဖြစ် ကျယ်လောင်တဲ့ သီချင်းသံတွေကို ၆၀ မိနစ်ထပ်ပိုပြီး နားမထောင်ဖို့နဲ့ နောက်ဆုံးတစ်ခုကတော့ အီလက်ထရွန်းနစ်ပစ္စည်းတွေသုံးပြီး အသံတွေနားထောင်တဲ့အခါ အသံအတိုးအကျယ်ကို ၆၀ ရာခိုင်နှုန်းအောက် ထားဖို့တို့ ပါဝင်ပါတယ်။

စိတ်ဝင်စားစရာကောင်းတာကတော့ မစ္စဝမ်လိုဖြစ်ရပ်မျိုး အရင်ကလည်း ဖြစ်ခဲ့ဖူးပြီး ထိုင်ဝမ်က အမျိုးသားတစ်ယောက်ဟာ နားကြပ်တပ်ကာ သီချင်းနားထောင်ရင်း အိပ်ပျော်သွားပြီးနောက် နားတစ်ဖက် မကြားရတော့တဲ့ ဖြစ်ရပ် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ဖြစ်ပွားခဲ့ဖူးပါတယ်။

Ref; Oddity Central

Leave a Reply

Your email address will not be published. Required fields are marked *