၁၅. ၃. ၂၀၂၄
Written by Pan Ei

တန်ဖိုးကြီးဇိမ်ခံအမှတ်တံဆိပ် Balenciaga က အသစ် ထုတ်လုပ်တော့မယ့် နောက်ဆုံးပေါ် လက်ကောက်တစ်ခုဟာ သူ့ရဲ့ တိပ်ခွေအကြည်ပုံစံဒီဇိုင်းကြောင့် ဆိုရှယ်မီဒီယာအသုံးပြုတွေကြားမှာ လူပြောများနေခဲ့ပြီး အဲ့ဒီတိပ်ခွေပုံစံ လက်ကောက်ကို အမေရိကန်ဒေါ်လာ ၃၃၀၀ (မြန်မာငွေ သိန်း ၁၀၀ ကျော်)နဲ့ ရောင်းချမယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

တိပ်အကြည်ရောင်အခွေလို ပုံစံနဲ့ Balenciaga လိုဂိုပါတဲ့ အဲ့ဒီ လက်ကောက်ဟာ ဆောင်းဦး/ဆောင်းရာသီ ၂၀၂၄-၂၀၂၅ ခုနှစ် စုစည်းမှုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပြီး မကြာသေးမီက ပဲရစ်ဖက်ရှင်ရှိုးပွဲအတွင်း လက်ကောက်ကို မော်ဒယ်တစ်ဦးက ဝတ်ဆင် ရှိုးလျှောက်ခဲ့ပြီး ပွဲဦးထွက်ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီ လက်ကောက်အကြောင်းကို နာမည်ကြီးဖက်ရှင်ဆယ်လီအကောင့်တစ်ခုက TikTok မှာ တင်ခဲ့ရာ ကြည့်ရှုမှုပေါင်း ရှစ်သန်းကျော်ရှိခဲ့သလို ဆိုရှယ်မီဒီယာအသုံးပြုသူတွေက လှောင်ပြောင်တဲ့ မှတ်ချက်တွေနဲ့အတူ အချို့ကလည်း တိပ်ခွေတွေနဲ့ သူတို့ရဲ့ကိုယ်ပိုင်ဗားရှင်းတွေကို ဟာသအနေနဲ့ ဖန်တီးခဲ့ကြပါတယ်။

Balenciaga ဟာ တိပ်ခွေလက်ကောက်ကို ဘယ်လောက်နဲ့ ရောင်းချမယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေမဲ့ သူ့ရဲ့တရားဝင်ဆိုဒ်မှာတော့ အလားတူလက်ကောက်ပုံစံတွေကို လက်ရှိမှာ ၂၉၅ ယူရိုကနေ ယူရို ၁၆၀၀ နဲ့ ရောင်းချနေတာဖြစ်ပါတယ်။ တခြားဖက်ရှင်ဆယ်လီိတစ်ဦးက လက်ကောက်ကို အရွယ်အစား သုံးမျိုးနဲ့ ရောင်းချမှာဖြစ်သလို လက်ကောက်ကို ယူရို ၃,၀၀၀ (အမေရိကန် ဒေါ်လာ ၃၃၀၀နီးပါး)နဲ့ ရောင်းချနိုင်တယ်လို့ ဆိုပါတယ်။

Balenciaga ဟာ ခုလို ပေါက်ပေါက်ရှာရှာ ထုတ်ကုန်တွေကို ရောင်းချဖူးတာ ဒါက ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ၂၀၁၇ ခုနှစ်က ပုံမှန် ၁ ဒေါ်လာလောက်သာရှိတဲ့ ဈေးဝယ်အိတ်နဲ့ ပုံစံတူ အိတ်ကို အမေရိကန်ဒေါ်လာ ၂၀၀၀ နဲ့ ရောင်းချခဲ့ဖူးပြီး ရေချိုးခန်းထဲက ထွက်လာသလို ထင်ရစေနိုင်တဲ့ “မျက်နှာသုတ်ပဝါစကတ်” ကိုလည်း ၉၂၅ ဒေါ်လာနဲ့ ရောင်းချခဲ့ဖူးပါတယ်။

Ref; The Straits Times

Leave a Reply

Your email address will not be published. Required fields are marked *

Related News