April 29, 2024

၁၅. ၃. ၂၀၂၄
Written by Nay Moe

AA လက်နက်ကိုင်အဖွဲ့၏ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုများကို နိုင်ငံတကာသိရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ယမန်နေ့တွင် ပြုလုပ်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၄) တွင် ​ပြောကြားသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်သည့် AA အဖွဲ့သည်လည်း မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများနှင့် ပတ်သက်နေမှုများကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ချုပ်ဟောင်း Mr. Kofi Annam ဦးဆောင်သည့် ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က ၂၀၁၇ ခုနှစ်အတွင်း ပြုစုဖြန့်ဝေခဲ့သည့် အပြီးသတ်အစီရင်ခံစာတွင် ဖော်ပြခဲ့သည်ကို တွေ့ရှိရသည့်အပြင် ပြည်မကိုဖြတ်ပြီး မူးယစ်ဆေးဝါး သယ်ဆောင်သည့် အဖွဲ့တွင် AA တပ်ဖွဲ့ဝင်များ ပါဝင်နေသည်ကို(၈)ကြိမ်ခန့် ဖမ်းဆီးဖော်ထုတ်ရရှိခဲ့သည်။

သို့သော် AA အဖွဲ့ ၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများကို ပြည်တွင်းသတင်းများ၌သာ ကြေညာခဲ့ပြီး နိုင်ငံတကာသတင်းများတွင် ဖော်နိုင်ခဲ့မှုမရှိသည့်အတွက် AA ၏ မူးယစ်ဆေးဖြန့်ချိမှုကို နိုင်ငံတကာအထိ သိရှိအောင် ဆောင်ရွက်ရမည်ဖြစ်၍ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မိတ်ဖက် အဖွဲ့အစည်းများနှင့် နိုင်ငံတကာသံရုံးများမှ တစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်းလည်း မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) တာဝန်ယူခဲ့သည့်ကာလဖြစ်သော ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်အထိ သုံးနှစ်အတွင်း မူးယစ်ဆေးဖမ်းမိမှုများအဖြစ် ဘိန်းဖြူ ၆ ဒသမ ၀၅ တန်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၆၂၉ သန်းကျော်၊ အိုက်စ် ၅၃ တန်ကျော်၊ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိမှု အမှုပေါင်း ၂၁,၀၉၈ မှု၊ တန်ဖိုးငွေကျပ် ၃,၃၅၄ ဘီလျံကျော်နှင့် ဖမ်းဆီးရမိသူ ကျား/မ စုစုပေါင်း ၂၉,၄၈၆ ဦး ရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားထားသည်။

ထို့အတူ မူးယစ်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိမှုနှင့်ပတ်သက်ပြီး ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်အထိ ၆ လတာကာလအတွင်း ဘိန်းဖြူ ၁ ဒသမ ၁ တန်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၇ သန်းကျော်၊ အိုက်စ် ၁၄ ဒသမ ၆၆၅ တန်ကျော် အပါအဝင် ဖမ်းဆီးရမိမှု အမှုပေါင်း ၃,၂၇၂ မှု၊ တန်ဖိုးငွေ ကျပ် ၇၈၁ ဒသမ ၀၂ ဘီလျံနှင့် ဖမ်းဆီးရမိသူ ကျား/မ စုစုပေါင်း ၄,၃၇၃ ဦး ရှိခဲ့သလို AA သောင်းကျန်းသူအဖွဲ့မှ အဖွဲ့ဝင်များ၏ မူးယစ်ဆေးဝါးသယ်ဆောင်မှုကိုလည်း ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်မှ ဒီဇင်ဘာ ၉ ရက်အထိ သတင်းဆက်စပ်၍ ဖော်ထုတ်ဖမ်းဆီးမှုများအရ ငွေကျပ် ၅၁ ဒသမ ၈၇ ဘီလျံ တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၂ တန်ကျော်၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၈၀၀ ကီလိုနှင့်အတူ AA သောင်းကျန်းသူများ ပါဝင်သည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *