MT News

Written by Pan Ei

အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်အုပ်ချုပ်ရေးမှူး Larry Hogan သည် တရုတ်နိုင်ငံပိုင် ဗီဒီယိုအတိုများ မျှဝေသည့် Tik Tok Application ကို နိုင်ငံပိုင်အစိုးရစက်ပစ္စည်းများနှင့် ကွန်ရက်များတွင် အသုံးပြုခြင်းကို တားမြစ်ထားကြောင်း အင်္ဂါနေ့ (ဒီဇင်ဘာ ၆ရက်)တွင် ထုတ်ပြန်ခဲ့သည်။

Hogan သည် တရုတ်နှင့် ရုရှားနိုင်ငံများ​၏ လွှမ်းမိုးမှုများသော ထုတ်ကုန်များနှင့် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများသည် နိုင်ငံ့အတွက် ဆိုက်ဘာလုံခြုံရေးအန္တရာယ်ရှိသောကြောင့် တားမြစ်ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

Hogan ၏ Tik Tokအသုံးပြုခွင့် တားမြစ်ခြင်းအပေါ် Tik Tokကုမ္ပဏီမှ တာဝန်ရှိသူက “လူမှုအဖွဲ့အစည်းတွေ တည်ဆောက်ဖို့နဲ့ မဲဆန္ဒနယ်မြေတွေနဲ့ ချိတ်ဆက်ဖို့အတွက် TikTok ကိုအသုံးပြုနေတဲ့ အစိုးရအေဂျင်စီတွေ၊ ရုံးတွေနဲ့ တက္ကသိုလ်တွေက ကျွန်ုပ်တို့ရဲ့ပလက်ဖောင်းကို အသုံးပြုခွင့်မရှိတော့တဲ့အတွက် စိတ်ပျက်မိပါတယ်” ဟု အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

Hogan တားမြစ်ထားသည်များထဲတွင် တရုတ်နိုင်ငံပိုင်များဖြစ်ကြသည့် ဟွာဝေး (Hauwei) စက်ပစ္စည်းများ၊ ZTE ဖုန်းများ၊ Tencent၊ WeChat၊ QQ၊ QQ Wallet၊ အလီဘာဘာ (Alibaba) ထုတ်ကုန်ပစ္စည်းများနှင့် ရုရှားနိုင်ငံ​၏ Kaspersky Lab တို့လည်း ပါဝင်ပါသည်။

အမေရိကန်ပြည်ထောင်စု South Dakota ပြည်နယ်အုပ်ချုပ်ရေးမှူး Kristi Noem သည် ပြီးခဲ့သည့်အပတ်က နိုင်ငံဝန်ထမ်းများအား နိုင်ငံပိုင်စက်ပစ္စည်းများတွင် TikTok ထည့်သွင်းခြင်း သို့မဟုတ် အသုံးပြုခြင်းမပြုရန် အုပ်ချုပ်ရေးအမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး တောင်ပိုင်း ကယ်ရိုလိုင်းနားပြည်နယ်အုပ်ချုပ်ရေးမှူး Henry McMaster ကလည်း ပြည်နယ်အစိုးရ၏ဖုန်းများနှင့် ကွန်ပျူတာများတွင် TikTok ကို အသုံးမပြုရန် ပြည်နယ်​၏အေဂျင်စီများအား တနင်္လာနေ့တွင် တောင်းဆိုခဲ့သည်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *

Related News