၁၃.၃.၂၀၂၄
Written By Thandar

သုံးပွင်ဆိုင်အချစ် ဒရာမာဇာတ်လမ်းပုံစံ “သံယောဇဉ်တွေသာ ကျည်ဆံတွေဖြစ်ခဲ့ရင်” ရုပ်ရှင်ဇာတ်ကား Press Show ကို ယနေ့ မတ် ၁၃ ရက် နံနက် ၇ နာရီက ရန်ကုန်မြို့ သမ္မတအဆင့်မြင့် ရုပ်ရှင်မှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော်တို့ ပထမတော့ ဇာတ်ကားမကြည့်ခင် နည်းနည်းစိတ်လှုပ်ရှားတယ်။ ဆေးပညာနဲ့ပတ်သက်ပြီး ရိုက်ရတာမို့ စိတ်ပူနေတာရှိတာပေါ့။ အဓိက ဇာတ်ညွန်း မိုးနီလွင်ကလည်း ဒေါက်တာဆိုတော့ သူ့ရဲ့အကြံဉာဏ်တွေနဲ့ အကောင်းဆုံးဖန်တီးထားပါတယ်။ လွန်ခဲ့တဲ့ ၈ နှစ်က ရိုက်တာမို့ ကင်မရာရိုက်ကူး ပုံထွက်လေးတော့ နည်းနည်းအားနည်းချက်ရှိတာပါ။ ခုဇာတ်ကားကိုပြန်ကြည့်လိုက်တော့ ဇာတ်လမ်း ဇာတ်အိမ်ကြောင့် မျောပြီး စိတ်မပူတော့ဘူး” လို့ တွဲဖက်ဒါရိုက်တာ အောင်ဇော်လင်းက MT Entertainment ကပြောပါတယ်။

မြ ရုပ်ရှင်နဲ့ ဗီဒီယိုထုတ်လုပ်ရေး ဇာတ်လမ်း လွန်းထားထား၊ ဇာတ်ညွှန်း မိုးနီလွင် ရေးသားပြီး တွဲဖက်ဒါရိုက်တာအောင်ဇော်လင်းနဲ့ ဒါရိုက်တာ မီးပွားတို့က လွန်ခဲ့တဲ့ ၇ နှစ်ခန့်က သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်း အကြောင်းကို ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနဲ့ ဖန်တီးပုံဖော်ရိုက်ကူးထားဖြစ်ပါတယ်။

အဆိုပါရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ဖြစ်တဲ့ ဟိန်းဝေယံ၊ မြတ်မှူးခင်၊ အကယ်ဒမီ စိုးပြည့်သဇင်၊ ဧည့်သည် သရုပ် ဆောင် ရဲအောင်နဲ့ အနုပညာရှင်များစွာက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

“ကျွန်တော်က ဒီထဲမှာတော့ အိမ်ထောင်ရှိတဲ့ လူငယ်တစ်ယောက်ဖြစ်တယ်။ ပုံမှန်ကာရိုက်တာမျိုးလောက်ပဲဆိုတော့ ဒါရိုက်တာမီးပွားရဲ့ သင်ပြမှုတွေနဲ့ အကောင်းဆုံး ကြိုးစားပြီး ပုံဖော်ထားပါတယ်။ မိန်းမက အရမ်းချစ်ပြီး သဝန်တိုတယ် ချုပ်ချယ်တာကို ခံရတဲ့ စိတ်မွန်းကြပ်နေရတဲ့ လူငယ်တစ်ယောက်ပုံစံမျိုး  အကောင်းဆုံးကြိုးစားထားပါတယ်” လို့ သရုပ် ဆောင် ဟိန်းဝေယံက ပြောပါတယ်။

“သံယောဇဉ်တွေသာ ကျည်ဆံတွေဖြစ်ခဲ့ရင်” ရုပ်ရှင်ဇာတ်ကားကို လာမယ့် မတ် ၁၅ ရက်မှာ တစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *