၁၃.၃.၂၀၂၄.
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ ရဲတပ်ဖွဲ့က အသက် ၄၈ နှစ်ရှိ ဗြိတိန်နိုင်ငံသားတစ်ဦးဖြစ်သော ချာလီဂါစီယာဆိုသူကို ချင်းမိုင်ပြည်နယ်၊ မောင်းခရိုင်အတွင်း ဆေးခြောက်မှပြုလုပ်သောမူးယစ်ဆေးများ ရောင်းချနေ၍ ရဲတပ်ဖွဲ့က မတ်လ ၁၂ ရက်ကဖမ်းဆီးခဲ့ကြောင်း သိရသည်။

နိုင်ငံခြားသားတစ်ဦးက ချင်းမိုင်ပြည်နယ်အတွင်း လာရောက်လည်ပတ်သော ကမ္ဘာလှည့်ခရီးသွားများအား မူးယစ်ဆေးဝါးများရောင်းနေသည်ဟု တိုင်ကြားမှုရရှိအပြီး ဖမ်းဆီးခဲ့ခြင်းဟုလည်း သိရသည်။

ရဲအရာရှိများက ကိုကင်း ၁၂ ဒသမ ၅ ဂရမ်၊ ကီတာမင်း ၁၄ ဒသမ ၇ ဂရမ် တို့အပါအဝင် မူးယစ်ဆေးဝါးများကို ဝယ်ယူရန်အယောင်ဆောင်ကာ အဆိုပါမူးယစ်ဆေးဝါးရောင်းချသည့် ဗြိတိန်နိုင်ငံသားအား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့က Chang Phueak ခရိုင်ခွဲအတွင်း ကွန်ဒိုမီနီယမ်တစ်ခုရှိ ၎င်း၏အခန်းကိုဆက်လက်ရှာဖွေခဲ့ရာတွင် ဥပဒေနှင့်မညီသော မူးယစ်ဆေးဝါး အများအပြားကို ဆက်လက်ရှာဖွေတွေ့ရှိခဲ့သည်။

၎င်းက အဆိုပါမူးယစ်ဆေးဝါးများအနက် Magic Mushroom ခေါ် ဓာတုပစ္စည်းများပါဝင်သော မှိုပွင့်ကြီးများမှလွဲ၍ ကျန်မူးယစ်ဆေးဝါးအားလုံးကို ချင်းမိုင်တွင် လူမည်းတစ်ဦးထံမှ ဘတ် ၈၀,၀၀၀ ပေး၍ ဝယ်ယူခဲ့ကြောင်း ဝန်ခံခဲ့သည်။ မှိုပွင့်ကြီးများကိုမူ မယ်ဟုန်ဆန်ပြည်နယ်၊ ပိုင်ခရိုင်၌ တစ်ဂရမ်ကို ဘတ်ငွေ ၂၀ ဖြင့် ဝယ်ယူခဲ့သည်ဟုလည်းဆိုသည်။ ထို့နောက်တွင်မူ Telegram လူမှုကွန်ရက်မှတစ်ဆင့် ၎င်းက ပြန်လည်ရောင်းချနေခြင်းဟုဆိုသည်။

ဂါစီယာက ထိုင်းနိုင်ငံသို့ student visa ခေါ် ကျောင်းသားပြည်ဝင်ခွင့်ဖြင့် ဝင်ရောက်လာခြင်းဖြစ်ကာ ဘန်ကောက်မြို့တွင်လည်း မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် အဖမ်းခံရဖူးသေးကြောင်း သိရသည်။ ရဲတပ်ဖွဲ့က Telegram ပေါ်ရှိ မူးယစ်ဆေးဝါးရောင်းဝယ်ရေးအုပ်စုများ၏ ကွန်ရက်များကို ဆက်လက်ဖော်ထုတ်လျက်ရှိသည်။

Ref- Nation Thailand

.

Leave a Reply

Your email address will not be published. Required fields are marked *

Related News