MT News

Translated by Htwe Ko Tun

ဆော်ဒီအာရေဗျနှင့် အမေရိကန်တို့အကြား ဆက်ဆံရေးက အနိမ့်ဆုံးအဆင့်သို့ရောက်ရှိနေချိန်မှာပင် တရုတ်နိုင်ငံကလည်းအရှေ့အလယ်ပိုင်းဒေသအတွင်းပိုမိုနက်ရှိုင်း သော ပူးပေါင်းဆောင်ရွက်မှုကို နယ်ပယ်ပေါင်းစုံ၌ တည်ဆောက်နိုင်ရန်ကြိုးစားလျက်ရှိရာ ဒီဇင်ဘာ ၇ ရက်တွင်မူ တရုတ်သမ္မတ ရှီကျင့်ဖိန်က ဆော်ဒီအာရေဗျနိုင်ငံသို့ သုံးရက်ကြာချစ်ကြည်ရေးခရီးလည်ပတ်ရန် ရီးယာဒ့်မြို့သို့ ရောက်ရှိလာကြောင်း သိရသည်။

သမ္မတ ရှီ ၏ ခရီးစဉ်က ၂၀၁၆ ခုနှစ်မှစ၍ ဆော်ဒီအာရေဗျနိုင်ငံသို့ ပထမဆုံးခရီးစဉ်ဖြစ်ပြီး ၎င်း၏ခရီးစဉ်အတွင်း တရုတ်-အာရပ် နိုင်ငံများထိပ်သီးအစည်းအဝေးနှင့် တရုတ်- ပင်လယ်ကွေ့ဒေသနိုင်ငံများပူးပေါင်းဆောင်ရွက်ရေးကောင်စီထိပ်သီးအစည်းအဝေးဟူ၍ ထိပ်သီးအစည်းအဝေးနှစ်ရပ်ကိုတက်ရောက်မည်ဖြစ်သည်။

အမေရိကန်နှင့် ဆော်ဒီအာရေဗျတို့ ဆက်ဆံရေးတင်းမာနေချိန်တွင် တရုတ်အနေဖြင့် အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်ရန်နှင့်စွမ်းအင်နှင့်ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်များ ပြုလုပ်ရန် ရှီ ၏ ခရီးစဉ်အတွင်းဆောင်ရွက်သွားလိမ့်မည်ဟု ခန့်မှန်းရသည်။

အမေရိကန်အစိုးရ၏ အာရှကို ဗဟိုအချက်အချာပြုရေး မူဝါဒနှင့် အာဖဂန်နစ္စတန်မှပြန်လည်ဆုတ်ခွာမှုကျရှုံးခြင်းတို့ကြောင့် အရှေ့အလယ်ပိုင်းဒေသအတွင်း အမေရိကန် ၏ သြဇာလွှမ်းမိုးမှုကျဆင်းလာချိန်တွင် တရုတ်နိုင်ငံကလည်း အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် ကုန်သွယ်ရေးနှင့်စွမ်းအင်အပါအဝင် နယ်ပယ်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်ရန် ရည်ရွယ်ကြိုးပမ်းလျက်ရှိသည်။

ထိုကဲ့သို့တရုတ်နိုင်ငံက အရှေ့အလယ်ပိုင်းဒေသနိုင်ငံများနှင့် ဆက်ဆံရေးမြှင့်တင်ရန်ကြိုးပမ်းနေချိန်တွင်ဆော်ဒီအာရေဗျ အပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံများမှာမူ သတင်းစာဆရာဂျာမယ်လ် ခါရှော့ဂီ အသတ်ခံရမှုမှစ၍ အမေရိကန်နှင့် ဆက်ဆံရေးမပြေမပြစ်ဖြစ်လျက်ရှိသည်။ မကြာသေးမီလများကလည်း အိုပက် ရေနံရောင်းနိုင်ငံများအဖွဲ့က အမေရိကန်၏တောင်းဆိုချက်ကို မလိုက်လျောဘဲ ၎င်းတို့၏ ရေနံထုတ်လုပ်မှုကို တစ်နေ့လျှင် စည်နှစ်သန်းလျှော့ချခဲ့သည်။

အမေရိကန်ကွန်ဂရက်က လက်တုံ့ပြန်သည့်အနေဖြင့် ဆော်ဒီအာရေဗျသို့ လက်နက်ရောင်းချမှုတစ်နှစ်ဆိုင်းငံ့ရန် တောင်းဆိုခဲ့ရာတွင် ဆော်ဒီအာရေဗျကလည်း တရုတ်မှ အမေရိကန်ဒေါ်လာလေးသန်းခန့်တန်ဖိုးရှိလက်နက်များဝယ်ရန် နိုဝင်ဘာလအတွင်းက တရုတ်တောင်ပိုင်းဇူဟေး၌ ပြုလုပ်သည့်လေကြောင်းပြပွဲတွင်သဘောတူခဲ့သည်ဟု သတင်းများထွက်ပေါ်လာခဲ့သည်။

ထို့ကြောင့်လည်းတရုတ်သမ္မတ ရှီ၏ ဆော်ဒီအာရေဗျသို့ ချစ်ကြည်ရေးခရီးအပြီးတွင်မူ တရုတ်နှင့် အာရပ်နိုင်ငံများအကြားနယ်ပယ်ပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မည့်အလားအလာများတွေ့နေရသည်ဟု သုံးသပ်ကြသည်။

Ref—-SCMP News

Leave a Reply

Your email address will not be published. Required fields are marked *

Related News