၁၁. ၃. ၂၀၂၄
Written by Pan Ei

ရုပ်ရှင်လောကရဲ့ ဂုဏ်သိက္ခာအကြီးမားဆုံးဆုပေးပွဲဖြစ်တဲ့ အော်စကာဆုပေးပွဲရဲ့ ၉၆ ကြိမ်မြောက်ဆုပေးပွဲကို မတ်လ ၁၀ ရက် ညက အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျယ်လ်မြို့မှာ ကျင်းပခဲ့ရာ အရင်နှစ်တွေကလိုပဲ ပြောစမှတ်တွင်စေတဲ့ အခိုက်အတန့်တစ်ခုကို မင်းသားနဲ့ နာမည်ကြီး WWE နပန်းသမားဟောင်း တစ်ယောက်ဖြစ်တဲ့ John Cena က ဖန်တီးခဲ့ပါတယ်။

အော်စကာပွဲရဲ့ အခမ်းအနားမှူး Jimmy Kimmel က အော်စကာသမိုင်းကြောင်းကို မျှဝေနေတုန်း ၄၆ ကြိမ်မြောက်ဖြစ်တဲ့ ၁၉၇၄ ခုနှစ် အော်စကာဆုပေးပွဲ အခမ်းအနားတုန်းက ဆုကြေညာနေချိန် ဝတ်လစ်စားလစ်နဲ့ လူတစ်ယောက်က စင်ပေါ်မှာ ဖြတ်ပြေးသွားတာက နှစ် ၅၀ ရှိပြီဆိုတဲ့ အချက်ကို စတင်ဖော်ပြခဲ့ပါတယ်။

အဲ့ဒီနောက် “ဒီနေ့ရော ကိုယ်တုံးလုံးနဲ့ တစ်ယောက်ယောက်က စင်ပေါ်ကို ဖြတ်ပြေးတာကို မင်း စိတ်ကူးကြည့်နိုင်မလား။ ရူးချင်စရာပဲမလားလို့” Kimmel က ပြောနေချိန်မှာ John Cena က အဝတ်မပါဘဲ စင်နောက်ကနေ ချောင်းကြည့်နေခဲ့ပြီးနောက် အကွယ်ကနေ ထွက်လာကာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာအစိတ်အပိုင်းကို ဆုရရှိသူရဲ့ နာမည်ပါတဲ့ စာအိတ်နဲ့ ကွယ်ကာ စင်ပေါ် က မိုက်ရှိရာနေရာကိုထွက်လာခဲ့ပါတယ်။

အဲ့ဒီနောက် Cena က “ဝတ်စုံတွေက အရမ်းအရေးကြီးတယ်။ အရေးကြီးဆုံးအရာလည်း ဖြစ်နိုင်ပါတယ်” လို့ ပြောကြားခဲ့ကာ ဆုကြေညာရာမှာတော့ Cena က Kimmel ရဲ့ အကူအညီနဲ့ လိုက်ကာစကို ပတ်ထားခဲ့ပြီး သူ ကြေညာခဲ့တဲ့ အကောင်းဆုံးဝတ်စုံဒီဇိုင်းဆုကိုတော့ “Poor Things” ရုပ်ရှင်အတွက် Holly Waddington က ရရှိခဲ့ပါတယ်။

ဒါပေမဲ့ ပွဲချိန်အတွင်း John Cena ဟာ စင်မြင့်ပေါ်မှာ လုံးဝ အဝတ်အစားမပါဘူးလို့ ပရိသတ်တွေ ထင်မြင်စရာဖြစ်ခဲ့ပေမဲ့လည်း စင်နောက်ကွယ်က ပုံတွေ ထွက်ရှိလာခဲ့ရာမှာတော့ John Cena က အတွင်းခံတော့ ဝတ်ထားခဲ့တယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။

၂၀၂၄ ခုနှစ်ရဲ့ အော်စကာဆုပေးပွဲမှာ ချီးမြှင့်ခဲ့တဲ့ ဆု ၂၂ ခုအနက် ဒီနှစ်မှာ Oppenheimer ရုပ်ရှင်ကားက ဆု ၇ ဆုကိုရယူကာ ဆုအများဆုံးရယူသွားခဲ့ပြီး ဒီနှစ်အတွက် ဆုပေးပွဲကြီးလည်း အောင်အောင်မြင်မြင်နဲ့ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။

Ref; CNN

Leave a Reply

Your email address will not be published. Required fields are marked *