၈. ၁၂. ၂၀၂၂
Written by Pan Ei

တွစ်တာနှင့် Telsa ကား လုပ်ငန်းစု၏ ပိုင်ရှင်ဖြစ်သော Elon Musk သည် ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၇ ရက်) တွင် Forbes မဂ္ဂဇင်းက ထုတ်ပြန်သည့် ကမ္ဘာ့အချမ်းသာဆုံးဘီလျံနာစာရင်းတွင် ထိပ်ဆုံးနေရာကို ခေတ္တဆုံးရှုံးခဲ့ပြီး ကမ္ဘာ့ထိပ်တန်းဇိမ်ခံလုပ်ငန်းစု Louis Vuitton ၏ ပိုင်ရှင်ဖြစ်သော Bernard Arnault က ထိပ်ဆုံးနေရာသို့ ရောက်ရှိခဲ့သည်။

အတိုးနှုန်းများ မြင့်တက်လာကာ စီးပွားရေးကျဆင်းမှုများကြောင့် အမေရိကန်နည်းပညာစတော့ရှယ်ယာ၏ တန်ဖိုးများ ကျဆင်းလာသဖြင့် Musk ၏ ချမ်းသာကြွယ်ဝမှုသည် Arnault မိသားစုထက် ခေတ္တကျဆင်းသွားခဲ့သည်ဟု Forbes က ဖော်ပြခဲ့သည်။

သို့သော် ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၇ ရက်) ညနေ၅နာရီ ဝန်းကျင်တွင် Musk သည် အမေရိကန်ဒေါ်လာ ၁၈၄ ဒသမ ၉ ဘီလျံဖြင့် ထိပ်ဆုံးသို့ ပြန်လည်ရောက်ရှိခဲ့ပြီး Arnault သည် အမေရိကန်ဒေါ်လာ ၁၈၄ ဒသမ ၇ ဘီလျံဖြင့် ဒုတိယနေရာသို့ ရောက်ရှိခဲ့သည်။

အိန္ဒိယစီးပွားရေးလုပ်ငန်းရှင် Gautam Adani က အမေရိကန်ဒေါ်လာ ၁၃၄ ဒသမ ၈ ဘီလျံဖြင့် တတိယနေရာတွင် ရပ်တည်နေပြီး Amazon တည်ထောင်သူ Jeff Bezos က အမေရိကန်ဒေါ်လာ ၁၁၁ ဒသမ ၃ ဘီလျံဖြင့် စတုတ္ထနေရာတွင် တည်ရှိခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင် စီးပွားရေးဆိုင်ရာ အကျပ်အတည်းများဖြစ်ပေါ်နေသော်လည်း Louis Vuitton၊ Givenchy နှင့် Kenzo အပါအဝင် ကမ္ဘာကျော် ဇိမ်ခံပစ္စည်း လုပ်ငန်းစုများသည် ခိုင်မာသော ဝင်ငွေနှင့် အမြတ်ငွေ တိုးတက်မှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။

Musk သည် ယခုနှစ်အစောပိုင်းက Twitter ကို ဝယ်ယူရန် ကမ်းလှမ်းခဲ့ပြီးနောက်ပိုင်း ၄၇ ရာခိုင်နှုန်းကျော် ကျဆင်းနေခဲ့သော Tesla ၏ ရှယ်ယာတန်ဖိုးသည် နိုဝင်ဘာလအတွင်း ၂ ဒသမ ၇ ရာခိုင်နှုန်းခန့် ထပ်မံကျဆင်းသွားခဲ့ကာ Musk ၏ အသားတင် ပိုင်ဆိုင်မှုသည် ဒေါ်လာ၂၀၀ ဘီလီယံအောက် ကျဆင်းသွားခဲ့သည်။

Ref; CNA, Reuters

Leave a Reply

Your email address will not be published. Required fields are marked *

Related News