April 29, 2024

၉. ၃. ၂၀၂၄
Written by Ye Kyaw

မြဝတီ-ကော့ကရိတ် အာရှလမ်းကြီးသည် ယခင်ကတည်းက လမ်းကြောင်းပိတ်နေ၍ အခြားလမ်းများမှ ရှောင်သွား‌နေခြင်းကြောင့် မြဝတီကုန်သွယ်ရေးစခန်းအနီး သင်္ဃန်းညီနောင်တွင် တိုက်ပွဲဖြစ်ပွားနေသော်လည်း မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုကို ထိခိုက်မှုမရှိဘဲ ပုံမှန်အတိုင်း ဆောင်ရွက်နေကြောင်း မြဝတီနယ်စပ်ရှိ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များထံမှ သိရသည်။

“နဂိုကတည်းက ဒီအာရှလမ်းပိတ်ကတည်းက ဒီလမ်းကို ရှောင်ပြီးတော့ သွားနေရတာဆိုတော့။ အခုလည်း အဲဒီလမ်းကိုပဲ သုံးနေတာဆိုတော့လေ သိသိသာသာတော့ ထိခိုက်တာမရှိဘူး။ ပြောမယ်ဆိုရင်တော့ ကုန်သွယ်မှုပမာဏ အများကြီးသွားနေတာတော့ မဟုတ်ဘူး။ ဒီအာရှလမ်းပိတ်သွားပြီး နောက်ပိုင်းမှာကတည်းက Trade Volume ကျသွားပြီးတော့ နည်းနည်းလေးထိန်းပြီး ဆက်သွားနေတာပဲရှိတာပေါ့။ ကုန်သွယ်မှုကလည်း သိပ်အများကြီး ရှိမနေပါဘူး” ဟု မြဝတီနယ်စပ်မှ သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့အနီး သင်္ဃန်းညီနောင်ရွာတွင် တပ်မတော်၏ စစ်ဗျူဟာ (စဗခ) တစ်ခုရှိပြီး ခမရ ၃၅၅ ၊ ၃၅၆ နှင့် ၃၅၇ တပ်ရင်း ၃ ရင်း အခြေစိုက်ထားသည်ကို ကချင် KIA နှင့် PDF များ၏ Operation 0307 တွင် ကရင်ပူးပေါင်းတပ်များက သင်္ဃန်းညီနောင်ကို မတ်လ ၇ ရက် မွန်းလွဲပိုင်းတွင် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ဝင်လုံးချိန် မြေပြင်ဝေဟင်စစ်ကူပေးခဲ့ခြင်းကြောင့် KNLA နှင့် PDF ပူးပေါင်းစစ်ကြောင်းတွေ အကျအဆုံးများစွာနှင့် ဆုတ်ခဲ့ရသလို ညနေဘက်တွင် ထပ်မံတိုက်ခိုက်ခဲ့သော်လည်း ပြန်လန်ကျခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်ပွဲအတွင်း ကော်ဘရာစစ်ကြောင်း တပ်ခွဲ (၃)မှ တပ်ခွဲမှူး ဂျွန်နေဇာ ကျည်ထိမှန် သေဆုံးခဲ့ကြောင်းလည်း သိရသည်။

ကော့ကရိတ်မြို့ နေရာ ၈ ခုကို KNU၊ PDF များက ဒီဇင်ဘာ ၁ ရက်တွင် ဝင်ရောက်တိုက်ခိုက်ကာ တစ်နေကုန်နီးပါး တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် မြ၀တီ-ကော့ကရိတ် ကုန်သွယ်ရေးလမ်းကြောင်း ဖြတ်တောက်မှု ဖြစ်ခဲ့ပွားခဲ့ပြီး မဖြစ်မနေ ဖြတ်သန်းသွားရမည်ဆိုပါက KNLA နှင့် KNU မှ တာဝန်ရှိသူများထံ အကြောင်းကြားပြီးမှသာ ဖြတ်သန်းသွားလာရန် သတိပေးထုတ်ထားခြင်းဖြစ်သည်။

လက်ရှိတွင် ထို့ကော်ကိုးလမ်းပိုင်း (တောလမ်း)မှ သွားလာနေရသဖြင့် ကုန်ကားကြီးများ သွားလာ၍မရဘဲ ကုန်စည်အနည်းငယ်သာ တင်ဆောင်နိုင်သည့် ခြောက်ဘီးကားနှင့် ခရီးသည်ယာဉ်များသာ အဓိက သွားနိုင်ခြင်းဖြစ်သည့်အတွက် မြဝတီနယ်စပ်တွင် ကုန်သွယ်ရေးလုပ်ငန်းများ ယခင်ထက် လျော့ကျခဲ့နေခြင်းဖြစ်ကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ် ၁၁ လတွင် မြန်မာ-ထိုင်နယ်စပ် မြဝတီနယ်စပ်ကုန်သယ်မှုရေးစခန်းမှ ပို့ကုန်နှင့် သွင်းကုန် နှစ်ခုလုံးလျော့ကျနေ၍ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁ ဒသမ ၀၉၇ ဘီလျံသာရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၈၀၀ ကျော်လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *