၉. ၃. ၂၀၂၄
Written By Thandar

၂၀၀၅ ခုနှစ်မှာ ဆေးကျောင်းသား ၊ မမေးပါနဲ့ (ခ)ချောချောလေးမို့ချစ်တာ သီချင်းတွေနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ တေးသံရှင် ပန်ဆွိ (BlueBerry) ကတော့ ကြူးတဲ့ သီချင်းပဲ ထွက်တာများလို့ ပရိသတ်က ဒီတခါ အသည်းကွဲသီချင်းလေးဆိုခိုင်းလို့ ပုံစံလေးပြောင်းဆိုထားတယ်လို့ ဆိုပါတယ်။

“အမတို့က ကြူးတဲ့ သီချင်းပဲ ထွက်တာများလို့ ပရိသတ်က ဒီတစ်ခါ အသဲကွဲသီချင်း လေးဆိုခိုင်းလို့ ပုံစံလေးပြောင်းဆိုထားတာပါ။ ဒီသီချင်းသစ်လေးလည်း ဖြစ်တယ်။ အမြဲတမ်းပဲ သီချင်းအမြူးလေးတွေ ဆိုခဲ့တော့လေ။ မင်းတစ်ယောက်သာပြီးတော့ အဆွေးတစ်ပုဒ်၊ ဒီသီချင်းက အရမ်းဆွေးတဲ့ သီချင်းလေး မဟုတ်ပေမယ့် အရင်တုန်းကလို လိုက်ကြိုက်တဲ့ပုံစံလေးလည်း မဟုတ်ဘူး။ ကောင်လေးက ထားခဲ့ပြီး အသည်းကွဲတဲ့ပုံစံလေး Own Tune သီချင်းလေးပါ” လို့ တေးသံရှင် ပန်ဆွိ (BlueBerry) က MT Entertainment ကို ပြောပါတယ်။

အဆိုပါ တေးသီချင်းကိုတော့ တေးရေးဆရာ Dယံ ရေးထားပြီးတော့ Pop ဂီတအမျိုးအစားဖြစ်ပါတယ်။ “အသဲလေးကွဲပါစေ” Music Video သီချင်းသစ်ကိုတော့ လာမယ့် မတ်လ ၁၂ ရက် ည ၇ နာရီမှာ Legacy Online Platform, YouTube တွေက ထွက်ရှိမှာဖြစ်ပါတယ်။

တေးသံရှင်ပန်ဆွိ (BlueBerry) ကတော့ Single Song တေးသီချင်းသစ်တွေ အများကြီး ထွက်လာဖို့ ပြင်ဆင်နေသလို ယခင် ပရိသတ် ချစ်ခင်အားပေးမှုရရှိထားတဲ့ သီချင်းဟောင်းတွေကိုလည်း Version ပြောင်းပြီး ပြန် လည်သီဆိုဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

“အမတို့ (BlueBerry) သုံးယောက်ပေါင်းပြီး သီဆိုခဲ့တဲ့ အချိန်ကလည်း အားပေးကြတဲ့ ပရိသတ်တွေကို အရမ်းကျေးဇူးတင်တယ်။ ခုချိန်ထိလည်း ဆေးကျောင်းသား သီချင်း ထွက်လာတဲ့ သီချင်းတိုင်းကို ချစ်ခင်အားပေးခဲ့ကြလို့ ပီတိဖြစ်ရပါတယ်။ အသဲလေးကွဲပါစေ သီချင်းလေးက အမတို့ သုံးယောက်ပေါင်းကနေ BlueBerry ကိုယ်စားအနေနဲ့ဆိုတာလည်းဖြစ်ပါတယ်။ အမကို အသစ်အနေနဲ့ တစ်ယောက်ထဲမမြင်ဘဲနဲ့ BlueBerry သုံး ယောက်အနေနဲ့ တွဲမြင်ပေးကြပါ။ ပရိသတ်ပေးတဲ့ ခွန်အားတွေနဲ့ အမရှေ့ဆက်ပြီး သီချင်းတွေအများကြီး ထွက်ဖို့ရှိပါတယ်။ အဲအချိန်မှာလည်း ဆက်လက်အားပေးပါလို့ ပြောချင်ပါတယ် ”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *