October 31, 2024

၉. ၃. ၂၀၂၄
Written by Pan Ei

ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံးအတွက် လူဦးရေ အသေးစိတ် အချက်အလက်တွေဖြစ်တဲ့ မွေးဖွားမှု၊ သေဆုံးမှု၊ သက်တမ်း၊ လူဦးရေသိပ်သည်းဆ၊ ပျမ်းမျှအသက်၊ မွေးဖွားနှုန်း၊ မွေးကင်းစကလေး သေဆုံးမှုနှုန်း၊ ဒေသတွေ၊ ဒေသခွဲတွေနဲ့ နိုင်ငံတွေက စုစုပေါင်းလူဦးရေ စတာတွေကို စစ်တမ်းကောက်ယူထားတဲ့ Database.earth က ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ ကျော်က လူတွေရဲ့ပျမ်းမျှ မျှော်မှန်းလူ့သက်တမ်းတွေကို ဖော်ပြခဲ့ရာမှာ မြန်မာနိုင်ငံက ကမ္ဘာ့အဆင့် ၁၈၆ ဖြစ်ပြီး မျှော်မှန်းလူ့သက်တမ်းက ၆၇ ဒသမ ၆၆ နှစ် ဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးက လူတွေရဲ့ မျှော်မှန်းလူ့သက်တမ်းကို တွက်ချက်ရာမှာ ဝင်ငွေမြင့်မားတဲ့နိုင်ငံတွေက မျှော်မှန်းသက်တမ်း ၈၀ ကျော်တွေနဲ့ အမြင့်ဆုံးဖြစ်နေတာကိုတွေ့ရပြီး ဝင်ငွေနည်းနိုင်ငံတွေက မျှော်မှန်းသက်တမ်း အနှစ် ၆၀ ကျော်တွေနဲ့သာ မှတ်တမ်းတင်ထားတာကိုတွေ့ရပါတယ်။

မြန်မာနိုင်ငံရဲ့ မျှော်မှန်းသက်တမ်းဟာ တစ်ဦးချင်းနဲ့ လူဦးရေအချက်အလက်တွေ အပါအဝင် အချက်အမျိုးမျိုးနဲ့ လွှမ်းမိုးထားပြီး ယေဘုယျအနေနဲ့ ပျမ်းမျှလူ့သက်တမ်းဟာ မျိုးပွားနှုန်း၊ သေဆုံးမှုနှုန်း၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဘက်ဆိုင်ရာတိုးတက်မှုနှုန်း၊ လူမှုစီးပွားရေးအခြေအနေ၊ ပညာရေးအရည်အသွေးနဲ့ ပြည်သူ့ကျန်းမာရေးဆောင်ရွက်ချက်တွေ စတာတို့ကြောင့် ထိခိုက်မှုအများဆုံးဖြစ်နေပါတယ်။

မြန်မာနိုင်ငံရဲ့ မွေးစကနေ သေဆုံးချိန်အထိ လက်ရှိပျမ်းမျှ မျှော်မှန်းသက်တမ်းက ၆၇ ဒသမ ၆၆ နှစ်ဖြစ်ပြီး ၆၇ ဒသမ ၄၆ နှစ်ရှိတဲ့ ၂၀၂၃ ခုနှစ်က ကိန်းဂဏန်းတွေနဲ့ ယှဉ်ရင်တော့ ၀ ဒသမ ၂ ရာခိုင်နှုန်း တိုးလာခဲ့ကာ အနာဂတ်မှာလည်း မြန်မာနိုင်ငံရဲ့မျှော်မှန်းသက်တမ်းက ထပ်တိုးလာနိုင်ခြေရှိတယ်လို့ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

အရှေ့တောင်အာရှဒေသတွင်းမှာတော့ မြန်မာနိုင်ငံရဲ့ ပျှမ်းမျှ မျှော်မှန်းလူ့သက်တမ်းက အနည်းဆုံးဖြစ်ရာ ဒေသတွင်း အများဆုံးကတော့ ကမ္ဘာ့အဆင့် ၇ ဖြစ်တဲ့ စင်ကာပူနိုင်ငံဖြစ်ပြီး မျှော်မှန်းလူ့သက်တမ်း ၈၄ ဒသမ ၃၉ နှစ်ဖြစ်ပြီး သူ့နောက်မှာ ထိုင်းနိုင်ငံက ၈၀ ဒသမ ၁၃ နှစ်နဲ့ ကမ္ဘာ့အဆင့် ၅၉ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်မှာ မိုနာကိုနိုင်ငံက မျှော်မှန်းသက်တမ်း ၈၇ ဒသမ ၁၄ နှစ်နဲ့ အမြင့်ဆုံးနိုင်ငံဖြစ်ပြီး မျှော်မှန်း လူ့သက်တမ်းအနိမ့်ဆုံးနိုင်ငံက နိုင်ဂျီးရီးယားနိုင်ငံဖြစ်ကာ မျှော်မှန်းအသက် ၅၄ ဒသမ ၁၁ နှစ်သာ ရှိပါတယ်။

Ref; Database.earth

Leave a Reply

Your email address will not be published. Required fields are marked *