၈. ၃. ၂၀၂၄
Written by Pan Ei

တစ်ချိန်က သြဇာအရှိဆုံး၊ ရေပန်းအစားဆုံးနဲ့ အရောင်းရဆုံး ဂျပန်ရုပ်ပြတွေထဲက တစ်ခုဖြစ်တဲ့ Dragon Ball ကို ဖန်တီးသူ အကီရာ တိုရီယာမာဟာ အသက် ၆၈ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ ထုတ်လုပ်ရေးအဖွဲ့က ဒီ သောကြာနေ့ (မတ်လ ၈) မှာ ပြောကြားခဲ့ပါတယ်။

Dragon Ball ဟာ ကမ္ဘာတဝှမ်းလုံးမှာ အလွန်ရေပန်းစားခဲ့ပြီး ရုပ်ပြစီးရီးတွေဟာလည်း ကာတွန်းနဲ့ ရုပ်ရှင်ဗားရှင်းတွေအဖြစ်ပါ ပေါက်ဖွားလာခဲ့ကာ Dragon Ball ရုပ်ပြစီးရီးက ၁၉၈၄ ခုနှစ်မှာ ပွဲဦးထွက်ခဲ့တာပါ။

ပရိသတ်တွေက တိုရီယာမာကို သူတို့ငယ်ဘဝရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာတဲ့ ဇာတ်ကောင်တွေ ဖန်တီးပေးခဲ့တဲ့အတွက် ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။

အကီရာ တိုရီယာမာဟာ ဦးနှောက်အနီးနား သွေးယိုစီးမှုရောဂါနဲ့ မတ်လ ၁ ရက်က ကွယ်လွန်သွားကြောင်း သူ့ရဲ့စတူဒီယိုက ဒီနေ့မှာ ပြောကြားခဲ့ခြင်းဖြစ်ကာ ဈာပနကို မိသားစုဝင်တွေနဲ့ သူငယ်ချင်း အနည်းငယ်သာ တက်ရောက်ခဲ့ကြောင်း Dragon Ball ဝက်ဘ်ဆိုတ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တိုရီယာမာ ကွယ်လွန်ချိန်မှာ မပြီးပြတ်သေးတဲ့ အလုပ်တွေ ရှိခဲ့တယ်လို့သိရပြီး သူ့ရဲ့ထူးခြားဆန်းသစ်တဲ့ဖန်တီးမှုတွေကို ကမ္ဘာပေါ်မှာ နောင်လာမဲ့ ကာလတွေမှာလည်း လူတိုင်းရဲ့အချစ်ကိုဆက်လက်ရရှိဖို့မျှော်လင့်ပါတယ်လို့ စတူဒီယိုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

ဂျပန်နိုင်ငံရဲ့ ရေပန်းအစားဆုံး Dragon Ball ရုပ်ပြနဲ့ အန်နီမီကာတွန်းတွေကို ဖန်တီးသူ တိုရီယာမာ ကွယ်လွန်ခဲ့တဲ့ သတင်းအပေါ် ပရိသတ်တွေက ဆိုရှယ်မီဒီယာပေါ်မှာ ဝမ်းနည်းရကြောင်းတွေ ဖော်ပြခဲ့ကြပြီး “ငါ့ရဲ့လူငယ်ဘဝကို ကိုယ်စားပြုတဲ့ မန်ဂါ တစ်ပုဒ်ဖန်တီးပေးလို့ ကျေးဇူးတင်ပါတယ်။ အေးအေးဆေးဆေး အနားယူပါ။ မင်းရဲ့ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်” လို့ ပရိသတ်တစ်ယောက်က လူမှုကွန်ရက်မှာ ရေးသားခဲ့ကာ အင်တာနက်အသုံးပြုသူ တခြားတစ်ဦးကလည်း “သူ့ရဲ့အမွေအနှစ်က ထာဝရရှင်သန်နေမှာပါ။ တစ်ချိန်လုံးမှာ အထင်ရှားဆုံး အန်နီမီဇာတ်ကောင်ကို ဖန်တီးပေးလို့ ကျေးဇူးတင်ပါတယ် အကီရာ” လို့ ရေးသားခဲ့ပါတယ်။

Ref; CNA

Leave a Reply

Your email address will not be published. Required fields are marked *