၇. ၃. ၂၀၂၄
Written by Ye Kyaw

မတ်လ ၆ ရက် (ယမန်နေ့)ကစ၍ ရန်ကုန်မြို့တွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ပုံမှန်အတိုင်း ဆီများရောင်းချပေးနိုင်နေပြီး ဆီဆိုင်များရှိ ဆီလှောင်ကန်များတွင်လည်း စက်သုံးဆီအပြည့်ရှိကြောင်း စက်သုံးအရောင်းဆိုင်များမှ သိရသည်။

“မနေ့က မနက်အထိတော့ နည်းနည်းပါးပါး တန်းစီရတာ၊ ‌စောင့်ရတာရှိသေးတယ်။ နေ့လယ်ပိုင်းကနေ စပြီးအဆင်ပြေတာ။ ညနေပိုင်းမှာ အားလုံးအဆင်ပြေသွားယ်။ ဒီကွန်ပျူတာမှာကြည့်။ ဓာတ်ပုံတော့ ရိုက်မရဘူး။ ဆီကန်သုံးကန်လုံးမှာ ဆီအပြည့်ပဲ။ အခုဆို ပုံမှန်အတိုင်း ရောင်းချပေးနေတာ” ဟု တာမွေမြို့နယ်အတွင်းရှိ နာမည်ကြီးစက်သုံးဆီအရောင်းဆိုင်မှ တာဝန်ရှိသူက ပြောသည်။

ယနေ့ နံနက်ပိုင်း မျက်မြင်တွေ့ရှိချက်များအရ ဆီဆိုင်များအနေဖြင့် “သီလဝါတွင် စက်သုံးဆီများ သွားရောက်ထုတ်ယူနေပြီး ဆိုင်သို့မရောက်မီအချိန်အတွင်း ခေတ္တအရောင်းပိတ်ထားမည်” ဆိုသည့် ဆိုင်းဘုတ်များ ‌ထောင်ထားခြင်း မရှိတော့သလို ဆိုင်းဘုတ်များကိုလည်း ဆိုင်၏အနောက်တွင် သိမ်းဆည်းထားသည်ကို တွေ့ရှိရသည်။ လက်ရှိတွင် စက်သုံးဆီများကို ပုံမှန်အတိုင်း ဝယ်ယူနိုင်ပြီဖြစ်ပြီး နာမည်ကြီး ဆီဆိုင်တချို့တွင်မူ အခြားဆိုင်များထက် ဝယ်ယူသူများ၍ အနည်းငယ်စောင့်ဆိုင်းရမှုများရှိသည်ကို တွေ့ရှိရသည်။

“တချို့ကတော့ ဝယ်နေကြဆိုင် အဲဒီဆိုင်မှ အဲဒီဆိုင်ပဲ။ ဆီမပြည့်လို့လား။ ကားအမျိုးအစားကြောင့်လားတော့ မသိဘူး။ အဲဒီမှာပဲ စောင့်ဝယ်တယ်။ ကျွန်တော်တို့ကတော့ အဆင်ပြေတဲ့ဆိုင် ဝင်ထည့်လိုက်တာပဲ။ ဒီနေ့မနက်ဆို ဆိုင်တော်တော်များ ပုံမှန်အတိုင်း ဝယ်လို့ရနေပြီ” ဟု တာမွေမြို့နယ်ရှိ စက်သုံးဆီဆိုင်တွင် ဆီထည့်နေသူ အမျိုးသားတစ်ဦးက ပြောသည်။

သီလဝါတွင် စက်သုံးဆီ ထုတ်ယူရာ၌ အခက်အခဲများ ဖြစ်ပေါ်နေ၍ ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များ ဆီပြတ်လပ်မှုနှင့် တန်းစီဝယ်ယူရမှုများ ဖြစ်ပေါ်ခဲ့ပြီး မတ်လ ၁ ရက် နံနက်ပိုင်းက ဆီဆိုင်များတွင် ကားများတန်းစီနေခြင်းကြောင့် ယာဉ်လမ်းကြောင်းများ ကျပ်တည်းမှုဖြစ်ပေါ်ခဲ့ပြီး သင်္ဃန်းကျွန်းမြိုနယ်မှ တာမွေဈေးအထိ ယာဉ်ကြောပိတ်ဆို့မှု၊ ကမ္ဘာအေးဘုရားလမ်းပေါ်တွင်လည်း ယာဉ်ကြောပိတ်ဆို့မှု၊ သုဝဏ္ဏ – တာမွေ – မင်္ဂလာတောင်ညွန့်နှင့် အခြားသော ဆီဆိုင်တန်းစီရာ နေရာများတွင်လည်း ယာဥ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ယနေ့တွင် ပြည်တွင်း စက်သုံးဆီဈေးနှုန်းများမှာ ရိုးရိုးဒီဇယ် တစ်လီတာ ၂၄၈၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၂၅၂၅ ကျပ်၊ ဓာတ်ဆီ 92 တစ်လီတာ ၂၇၁၅ ကျပ်၊ ဓာတ်ဆီ 95 တစ်လီတာ ၂၈၃၅ ကျပ်ရှိကြောင်း ပြည်တွင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလအလယ်နှင့် နှိုင်းယှဉ်လျှင် ဒီဇယ်ဈေးနှုန်းများ တစ်လီတာ ၁၀၀ ကျပ်ကျော် ပြန်ကျနေပြီး ဓာတ်ဆီဈေးနှုန်းများလည်း တစ်လီတာ ကျပ် ၅၀ ဝန်းကျင် ပြန်ကျနေခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *