၇. ၃. ၂၀၂၄
Written by Ye Kyaw

မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် လျှပ်စစ် ဓာတ်အားကဏ္ဍတို့တွင် ဒေါ်လာ ၁၈ သန်းကျော်နှင့် ကျပ် ၉၉ ဘီလျံကျော်ရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၇ ခု ထပ်မံခွင့်ပြုခဲ့ကြောင်း ယမန်နေ့က ပြုလုပ်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)၏ (၃/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးမှ သိရသည်။

အဆိုပါ အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် စက်မှုကဏ္ဍ၊ ဝန်ဆောင် မှုကဏ္ဍနှင့် လျှပ်စစ်ဓာတ်အားကဏ္ဍတိုမှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၇ ခုကို ခွင့်ပြုပေးခဲ့ပြီး အဆိုပါလုပ်ငန်းများ ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၁၈ ဒသမ ၂၂၂ သန်းနှင့် ကျပ် ၉၉ ဒသမ ၆၈၃ ဘီလျံဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁,၃၆၉ ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံ၏ အဓိက စီးပွားရေးကဏ္ဍ ၁၂ ခုတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ၊ ဒေသပေါင်း ၅၃ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံများမှာ စင်ကာပူ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့ ဖြစ်ကြောင်း သိရသည်။

စီးပွားရေးကဏ္ဍ ၁၂ ခု အနက် စွမ်းအင်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၄၉ ရာခိုင်နှုန်း၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၄၅ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ် နှံမှု၏ ၁၄ ဒသမ ၄၀ ရာခိုင်နှုန်းဖြင့် အများဆုံး ဝင်ရောက်ထားခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News