၆. ၃. ၂၀၂၄
Written by Nay Moe

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၈ ရက် ညသန်းခေါင်ယံအချိန်မှာဖြစ်ခဲ့တဲ့၊ ရန်ကုန်ရော မြန်မာပြည်တစ်ခွင်ပါ ဟိုးလေး တကျော်ကျော်ဖြစ်ခဲ့တဲ့၊ ညဘက်လမ်းလယ်ခေါင်မှာ လူမိုက် ကိုကျော်ဝင်းစိန်ဆိုပြီး လူသိများသူကို ကြည့်မြင်တိုင်မြို့နယ်၊ ကျောင်းကြီးလမ်းမှာ ခြေထောက်နှစ်ချောင်းကဆွဲပြီး အုပ်စုဖွဲ့သတ်ဖြတ်လိုက်တဲ့ ဖြစ်စဥ်က တရားခံတွေ ဒီနေ့ ဖမ်းမိခဲ့တယ်လို့ ကနဦးသိရပါတယ်။

ဖြစ်စဥ်က ဒီနေ့ မတ်လ ၆ ရက်၊ မွန်းလွဲ ၁၂ နာရီခန့်မှာ ရန်ကုန်လူမိုက်လို့နာမည်ကျော်သူ ကိုကျော်ဝင်းစိန် ဆိုသူကို သတ်ဖြတ်မှုနဲ့ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၊ ရာထွေအမှတ် ၁၀၀/၂၀၁၁၊ အလုံမြို့နယ်ရဲစခန်း (ပ)၅၄/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅/၃၉၇ အမှု တရားခံပြေး ရဲမျိုးသိန်း (ခ) ငမျိုး ဦးဆောင်တဲ့ အဖွဲ့ဟာ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ သစ္စာစေတီဘုရားအနီး ပုဗ္ဗာရုံကျောင်းအတွင်း ဘုရားတည်ဖို့ဆိုပြီး ရောက်ရှိနေတယ် သတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့က သွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဒီလိုဖမ်းဆီးချိန် တရားခံတွေက ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမဲ့ ရဲမျိုးသိန်း (ခ) ငမျိုး၊ အောင်ကျော်ကြား (ခ) ကျော်ကြီး၊ ဟိန်းထက်အောင် (ခ) ခေါင်းကြီး၊ အောင်မြတ်မင်း (ခ) အောင်ကြီး၊ ဥက္ကာ၊ အောင်တင်မြင့်ထွေး (ခ) အောင်လေး၊ ကျော်ဆန်းလင်း (ခ) သံမဏိ၊ မျိုးမင်းနိုင် (ခ) အရှည်ကြီးနဲ့ ဇော်မင်းဦး (ခ) တွတ်ပီတို့ (၉) ဦးကို ဖမ်းဆီးရမိခဲ့ပြီး အဲဒီတရားခံတွေဆီက ကားနှစ်စီး၊ ဓားရှည် (၅) ချောင်း၊ ဓားမြှောင် (၂) ချောင်း၊ လေးခွ (၁) လက်၊ ကုန်းသီး (၄၂) လုံးနဲ့ အခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပြီး တရားခံ ၉ ဦးကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံ လွှဲပြောင်းနိုင်ရေး ဆောင်ရွက်နေတယ်လို့လည်း ကနဦးသတင်းတွေအရ သိရပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ဦးကျော်ဝင်းစိန်ရဲ့ ဇနီးကလည်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းစာရှင်းခဲ့ပါတယ်။ MT News သတင်းဌာနအနေနဲ့လည်း ဖမ်းမိမှုဖြစ်စဥ်နဲ့ပတ်သက်ပြီး နှစ်ဖက် ဆက်လက်အတည်ပြုနေသလို အသေးစိတ်သိရတာတွေလည်း ထပ်မံဖော်ပြပေးပါမယ်။

Leave a Reply

Your email address will not be published. Required fields are marked *