၃.၃.၂၀၂၃
Written by KL

တာချီလိတ် မြို့ပေါ် ရပ်ကွက်များတွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့အယောင်ဆောင်၍ လက်နက်များကိုင်ဆောင်ပြီး ဓားပြမှုကျုးလွန်သူ ၇ ဦးကို ဖမ်းမိခဲ့ပြီးနောက် ထပ်မံ၍ ပါဝင်သူ ၄ ဦးကို မတ်လ ၃ ရက် မွန်းလွဲပိုင်းက ထပ်မံဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိသူ ၄ဦးကို တာချီလိတ်မြို့နယ် ပါလျှံရပ်ကွက်နှင့် ရန်အောင်မြင် ရပ်ကွက်တို့တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဇော်လင်းအောင်မှ ကြီးကြပ်၍ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းထွန်းအောင် ဦးဆောင်သော အထူးအမှုစစ်အဖွဲ့ဖြင့် စစ်ဆေးခဲ့ရာ ဓားပြမှုကျုးလွန်ရာတွင် ပါဝင်သော ကွင်းဆက်တရားခံများကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ပြီး အိုက်ကျော် (ခ) စိုင်းကျော်လင်းဦး၊ စိုင်းစွမ်းမိန်း (ခ)အိုက်တီ၊ စိုင်းခေး၊ စိုင်းကွမ်းခေး တို့ကို ငှားရမ်းနေထိုင်သော လိုင်းခန်းများမှ ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ထပ်မံဖမ်းမိသူများထံမှ မော်တော်ယာဉ် ၂ စီး၊ ပစ္စတို သေနတ် ၁ လက်၊ ဓားပြတိုက်ရာတွင် အသုံးပြုသော ကျည်ကာအင်္ကျီ ၁ ထည်၊ အနက်ရောင် ဘောင်ဘီရှည် ၁ ထည်၊ အနက်ရောင် အင်္ကျီ ၂ ထည်၊ စစ်စိမ်းရောင် ဘောင်းဘီ ၂ ထည်၊ လက်ထိပ် ၁ ကွင်း၊ ရဲအနွေးထည်အင်္ကျီ ၁ ထည်၊ Anoffng စာတမ်းပါ စကားပြောစက် ၄ လုံး၊ ကား နံပါတ်ပြား ၂ ခု၊ အနက်ရောင် တောစီး လည်တို ဖိနပ် ၁ ရံတို့ကို သိမ်းဆည်းရမိခဲ့သည်။

ထိုဖြစ်စဥ်၏ အစတွင် ဖေဖော်ဝါရီ ၂၉ရက်က မယ်ခေါင်ရပ်ကွက်ရှိ ခရိုင်ကော်မရှင်ရုံးဝန်းအတွင်း ရဲနှင့်တပ်မတော်သားအယောင်ဆောင် လုယက်မှု ကျူးလွန်ရန်အတွက် တိုင်ပင်နေစဉ် အဖွဲ့ခေါင်းဆောင်ဖြစ်သူ မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံး၏ ဒုဦးစီးမှူး အေးကိုကိုဦး အပါအဝင် ၇ ဦးကို ပထမအကြိမ်အဖြစ် ဖမ်းဆီးရမိခဲ့သည်။

လက်ရှိတွင် ဖမ်းဆီးရမိသူများကို ၂၀၂၃ ခုနှစ် လက်နက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်ကာ တာချီလိတ်မြို့မရဲစခန်းက စစ်ဆေးနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *