၁.၃.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းအောက်ရုံ၊ အလတ်ချောင်းရပ်ကွက် ရန်ကုန်မြစ်အတွင်း၌ ဒီဇယ်ဆီတင်လာသော ကုန္ဒ ၆ ရေယာဥ်မှာ မတ်လ ၁ရက် နံနက်အစောပိုင်းက မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ၂ ဦးသေဆုံးပြီး ၂ ဦးပျောက်ဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဦးဝဏ္ဏဆိုသူပိုင်ဆိုင်သော MV သင်္ဂဇာကုန်တင်ရေယာဥ်သို့ ကုန္ဒ ၆ ဒီဇယ်ဆီတင်ရေယာဥ်မှ ဆီဂါလံ ၂၅၀၀ ကို ရေမြုပ်ပန့်ဖြင့် ပေးပို့နေစဥ် ရေမြုပ်ပန့်အပူလွန်ကဲ၍ ရှော့ခ်ဖြစ်ပြီး မီးလောင်ပေါက်ကွဲခဲ့ခြင်း ဖြစ် ကြောင်း စစ်ဆေးသူများထံမှ သိရသည်။

အဆိုပါ ပေါက်ကွဲ မီးလောင်မှုမှာ အလွန်ကျယ်လောင် သော ပေါက်ကွဲမှုပါဖြစ်ခဲ့ပြီး ညသန်းခေါ်ကျော်အချိန်ဖြစ်သည့် နံနက် ၂ နာရီ ၇ မိနစ်ခန့်တွင် ပေါက်ကွဲခြင်းဖြစ်၍ ရန်ကုန်မြို့မှ မြို့နယ်အများစု ပေါက်ကွဲသံကြားခဲ့ရသလို ထိုမီးလောင်ပေါက်ကွဲမှုကြောင့်ပင် MV သင်္ဂဇာကုန်တင်ရေယာဥ်ပေါ်မှ ကိုသန်းလွင်(၂၅နှစ်)၊ ကိုဝေယံထွန်း(၁၉နှစ်)တို့​ သေဆုံးခဲ့ပြီး၊ ကိုအေးမင်းထွေးနှင့် ကိုကျော်လင်းတို့ ၂ ဦးမှာ ပျောက်ဆုံးနေကာ ဦးသန်းဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ကုန္ဒ ၆ ဒီဇယ်ဆီတင် ရေယာဥ်၏ ဝမ်းဗိုက်နှင့် ကုန်းပတ်၊ ဒီဇယ်ဂါလံ ၈၀၀ ခန့်လည်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။ မီးလောင်မှုမှာ ၁ နာရီနှင့် မိနစ်၂၀ ကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် ၅ စီး၊ အုပ်ချုပ်မှုယာဥ် ၁ စီး၊ ပြည်တွင်းရေကြောင်းမှ နတ်သား မီးသတ်ရေယာဥ် ၁ စီး၊ အပေါ့စားစက် ၁၀ လုံးနှင့် မီးသတ်တပ်ဖွဲ့ဝင် ၈၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *