၂၉. ၂. ၂၀၂၄
Written by Hey Mar

မနေ့က ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက် ၁၁ နာရီ အချိန်က မိထ္တီလာ-မလှိုင်ကားလမ်း မိုင်တိုင်အမှတ် ၅ အနီးမှာဖြစ်ပွားခဲ့တဲ့ ဘုန်းကြီးကားနဲ့ တက္ကသိုလ်ကျောင်းသား လူငယ်နှစ်ဦး စီးလာတဲ့ ဆိုင်ကယ်တိုက်မိရာက ဆိုင်ကယ်ပေါ်ပါနှစ်ဦးစလုံးသေဆုံးသွားခဲ့တဲ့အတွက် ယာဥ်မဆင်မခြင်မောင်းနှင်သူ ကျောင်းထိုင်ဘုန်းကြီးကို သိက္ခာချလူဝတ်လဲ အရေးယူထားတယ်လို့ သက်ဆိုင်ရာက သိရပါတယ်။

မြင်းခြံမြို့၊ သီရိမင်္ဂလာကျောင်းတိုက်၊ ကျောင်းထိုင် ဆရာတော် အရှင်ပါရမီ မောင်းနှင်လာတဲ့ Mdy RLG 71– Toyota VOXY အမျိုးအစားအဖြူရောင် မော်တော်ယာဉ်က ရှေ့ကဆိုင်ကယ်ကို ကျော်တက်မောင်းနှင်စဥ် အရှိန်မထိန်းနိုင်ဖြစ်ပြီး တစ်ဖက်ယာဉ်ကြောကိုရောက်ရှိသွားကာ မိတ္ထီလာတက္ကသိုလ် အဝေးသင်ကျောင်းသား မောင်ဟိန်းမင်းဖြိုး အသက် ၂၀ နှစ်နဲ့ မတင်နေခြည်ကျော် အသက် ၁၈ နှစ်တို့ စီးလာတဲ့ 52W/2— Lojia 110 အမျိုးအစား အနက်ရောင် ဆိုင်ကယ်နဲ့ မျက်နှာချင်းဆိုင် တိုက်မိပြီး မောင်ဟိန်းမင်းဖြိုးက နေရာတင်သေဆုံးကာ မတင်နေခြည်ကျော်က ဆေးရုံ လွှဲပြောင်းကုသမှု ခံယူစဥ် သေဆုံးခဲ့တာပါ။

အခင်းဖြစ်နေရာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေရောက်ရှိလာပြီး ဥပဒေနှင့်အညီအမှုဖွင့်ဆောင်ရွက်ရာမှာ ယာဥ်မောင်းနှင်သူ ဦးပါရမီ (ခ)ဦးလှမျိုး (ကျောင်းထိုင်၊ သီရိမင်္ဂလာကျောင်း၊ မကျီးတမြား၊ မြင်းခြံမြို့နယ်) ကို မြို့နယ်သံဃာ့နာယကအဖွဲ့အကူအညီနဲ့ သိက္ခာချပြီး ပြစ်မှုပုဒ်မ ၃၀၄ (က ) နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *