MT News
၂၈. ၂. ၂၀၂၄

ပြည်မြို့နယ်နှင့် မင်းလှမြို့နယ်တို့တွင် ငွေကျပ် ၃ ဒသမ ၃ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ ဒသမ ၅ သိန်း ဖမ်းဆီးရမိခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၉ နာရီအချိန် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ န၀ဒေးတံတားထိပ်တွင် ပြည်ဘက်မှ ပန်းတောင်းဘက်သို့ ယာဉ်မောင်း ဟိန်းပိုင်ဦး(ခ)ကိုပိုင်(ခ) သားညီ မောင်းနှင်လာသည့် ISUZU Light Truck ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် အိမ်သုတ်ဆေးပုံးများနှင့် Compressor လေအိုးတို့အတွင်း သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၁ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ ထိုည ၇ နာရီခွဲအချိန် ပူးပေါင်းအဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ပုသိမ် – မုံရွာသွားကားလမ်း၊ မိုင်တိုင်အမှတ်(၂၀၅)အနီးတွင် အောင်ကိုလတ်၊ ဇော်မြင့်(ခ)ရေခဲနှင့် လင်းလင်းထိုက်တို့ ၃ ဦးအား စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၄ သိန်း၊ Bighorn မော်တော်ယာဉ်တစ်စီးနှင့်လည်းကောင်း၊ ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်မှု ပူးပေါင်းပါဝင်သူ ကျော်လှအား မင်းတုန်းမြို့၊ တည်းခိုခန်း၌ လည်းကောင်း ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေ ကျပ် ၃ ဒသမ ၃ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ ဒသမ ၅ သိန်း သိမ်းဆည်းရမိခဲ့သည်။

တရားခံများကို စစ်ဆေးပေါ်ပေါက်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရန်ကုန်တိုင်းဒေသကြီးမှ ရခိုင်ပြည်နယ်နယ်စပ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *