၆ .၁၂. ၂၀၂၂
Written by Hey Mar

ဒီဇင်ဘာ ၃ ရက် ည ၁၂ နာရီခွဲအချိန် ထိုင်းပင်လယ်ကွေ့တွင် စတင်ဖြစ်ပေါ်ခဲ့သည့် လေပွေလှိုင်းသည် မလေးရှားနိုင်ငံမြောက်ပိုင်းကို ဖြတ်သန်းပြီးသည့်နောက် ကပ္ပလီပင်လယ်တောင်ပိုင်းကို ဆက်လက်ဝင်ရောက်လာပြီး INVEST-96B (စောင့်ကြည့်ရမည့် လေဖိအားနည်းဆဲလ်တစ်ခု)အဖြစ် ဖြစ်ပေါ်လာသောကြောင့် တနင်္သာရီတောင်ပိုင်းနှင့် ကိုကိုးကျွန်းတစ်ဝိုက်တွင် မိုးသက်လေပြင်းနှင့် စိုက်ဆင်းလေပြင်းအန္တရာယ်များ ကြုံရနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ပြောသည်။

ထို INVEST-96 B သည် အနောက်/အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေပြီး ဒီဇင်ဘာ ၄ ရက် နံနက် ၆ နာရီခွဲအချိန် ဗဟိုဖိအား 1008 hPa နှင့် ဗဟိုလေတိုက်နှုန်း တစ်နာရီ ၁၅ မိုင်ရှိခဲ့ကြောင်း သိရသည််။

“INVEST-96 B မုန်တိုင်းဖြစ်လာပြီးရင်တောင် ဆက်လက်ရွေ့လျားမဲ့လမ်းကြောင်းက တောင်ဘက်ကိုရောက်သွားတာကြောင့် တနင်္သာရီတိုင်းတောင်ပိုင်းဒေသများမှအပ ကျန်ပြည်နယ်နဲ့ တိုင်းဒေသတွေမှာ မုန်တိုင်းအရှိန် သက်ရောက်မှုနည်းပါးနိုင်ပါမယ်။ တနင်္သာရီတိုင်းတောင်ပိုင်း၊ မြိတ်မြို့တောင်ဘက်၊ ဘုတ်ပြင်းနဲ့ ကော့သောင်းမြို့နယ်တွေမှာသာ သက်ရောက်မှုအများဆုံးဖြစ်နိုင်ပြီး ကော့သောင်းမြို့နဲ့ အနီးတစ်ဝိုက်မှာတော့ ဒီဇင်ဘာ ၉ ရက်နေ့အထိ မိုးသက်လေပြင်းကျရောက်ပြီး မိုးသည်းထန်နေပါမယ်။ မိုးသက်လေပြင်းကျစဉ် တစ်နာရီ ၁၅ မိုင်မှ ၂၅ မိုင်အထိရှိနိုင်ပါမယ်” ဟု ဦးဝင်းနိုင်က MT News သို့ပြောသည်။

မုန်တိုင်းဖြစ်လာပြီးနောက် သက်ရောက်မှုရှိနိုင်မည့် နောက်ထပ်တစ်နေရာမှာ ကိုကိုးကျွန်းဖြစ်ပြီး လေတိုက်နှုန်းတစ်နာရီ မိုင် ၂၀ မှ ၂၅ မိုင်အထိရှိနိုင်ကာ ဒီဇင်ဘာ ၆ ရက်မှ ၉ ရက်အတွင်း မိုးရွာနိုင်သော်လည်း တနင်္သာရီတောင်ပိုင်းကဲ့သို့ မိုးများနိုင်ခြင်းမရှိဟု သိရသည်။ နောက် ၂၄ နာရီအတွင်း သတိထားမည့် အခြေအနေမှာမူ စိုက်ဆင်းလေပြင်းအန္တရာယ်ဖြစ်ပြီး စိုက်ဆင်းလေပြင်းသည် ကြိုတင်ခန့်မှန်း၍ မရနိုင်ဘဲ မိုးတိမ်တောင်များ ဖြစ်ပေါ်သည့် အခြေအနေကို မူတည်၍ ခန့်မှန်းကြည့်ရခြင်းဖြစ်ကြောင်း ယင်းက ဆိုသည်။

“ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာ ဖြစ်နေတဲ့ INVEST-96 B ရဲ့ မြောက်ဘက်က တိမ်တိုက်တွေက မြန်မာနိုင်ငံတောင်ပိုင်းနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းဒေသတွေ၊ ကမ်းနီးပင်လယ်ပြင် ရေလုပ်ငန်းလုပ်ကွက်တွေရှိရာ ဧရိယာတွေဆီ ဝင်လာနေတာ တွေ့ရပါမယ်။ မိုးတိမ်တောင်တွေ ရုတ်တရက်ဖြစ်လာပြီး စိုက်ဆင်းလေပြင်းတွေကတစ်ဆင့် မိုး၊ လေပြင်းသွားနိုင်တဲ့ အခြေအနေမျိုးဖြစ်နိုင်လို့ သတိထားကြစေချင်ပါတယ်” ဟု ဦးဝင်းနိုင်က ဆက်လက်ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်တွင်လည်း အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် နောက် ၇၂ နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်ဟု ကြေညာထားသည်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်သည်ဟု ကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *