ဝိတ်တန်းနှစ်တန်းကွာတဲ့ထိုင်းနိုင်ငံသူ ဖာဆိုင်းနဲ့ တနင်္ဂနွေညမှာ ထိုးသတ်ရမဲ့ ကယန်းကျားသစ်မယ်

၂၃. ၂. ၂၀၂၄
Written by Thettant

ဘရော်နီကာနဲ့ ဒီတစ်ပတ်ရင်ဆိုင်မဲ့ ဖာဆိုင်းဟာ ဘရော်နီကာနိုင်ဖူးတယ်ဆိုပြီး မီဒီယာတချို့အမှားတွေရေးသားနေပါတယ်။ ပိုဆိုးတာက ဖာဆိုင်းဟာ ဘရော်နီကာထက်ဝိတ်တန်းတစ်တန်းကျော်မြင့်တဲ့ စူပါဖယ်သာဝိတ်တန်းမှာ အဆင့် ၆ နေရာရပ်တည်နေသူဖြစ်နေတာပါ။

ဒီလိုမျိုး ဝိတ်တန်းတစ်တန်းကျော် နှစ်တန်းခြားနေတဲ့ အမျိုးသမီးဖိုက်တာ ဘရော်နီကာနဲ့ ဖာဆိုင်းကို ဘာကြောင့် ထိုင်းဖိုက်က ပွဲတည်ရပါသလဲ….။

ထိုင်းဘုရင်ဖလား နှစ်ထပ်ကွမ်းချန်ပီယံဖြစ်လာအပြီး စူပါဘင်တန်ဝိတ်တန်းမှာ ပြိုင်ဘက်မဲ့လာတဲ့ဘရော်နီကာအတွက် ယှဥ်ပြိုင်ဘက်ခက်ခက်ခဲခဲရှာနေရတဲ့ Thai Fight ဟာ Fahsai ဆိုတဲ့ ထိုင်းဖိုက်တာမတစ်ယောက်ကို ရှာတွေ့ခဲ့တာကြောင့် ဒီတနင်္ဂနွေမှာ ပွဲထပ်တည်လာခဲ့တာပါ။

ထိုင်းဖိုက်ရောက်စ ပထမဆုံးပွဲမှာ ဒန်ကွန်းဖောင်ကို ဒိုင်လူကြီးတချို့ဆုံးဖြတ်ချက်နဲ့ရှုံးခဲ့ပေမဲ့ မကျေပွဲပြန်နွှဲရာမှာ ဒန်ကွန်းဖောင်ကို ဒိုင်လူကြီးအားလုံးဆုံးဖြတ်ချက်နဲ့ ခြွင်းချက်မရှိနိုင်ခဲ့တဲ့ပွဲကစပြီး ဘရော်နီကာဟာ ၁၇ ပွဲဆက်ရှုံးပွဲမရှိခဲ့သလို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်ကထိုးပွဲမှာလည်း သားသည်အမေနွန်ဘူးကို ညှာထိုးရင်းနဲ့ အနိုင်ယူခဲ့သေးတာပါ။

လက်ရှိမှာ ဘရော်နီကာဟာ ပြိုင်ဘက်တွေ့ပြီဆိုပေမဲ့လည်း ဒီတစ်ခါထိုးသတ်ရမဲ့ Fahsai Or.Yuthachai ဟာ ဘရော်နီကာရဲ့ ဝိတ်တန်းက မဟုတ်ဘဲ 58 Kg တန်းဖြစ်တဲ့ စူပါဖယ်သာဝိတ်တန်းက ဖိုက်တာမယ်ဖြစ်နေတာပါ။

ဘရော်နီကာဟာ လက်ရှိအထိ ထိုင်းဖိုက်မှာ 53/54 Kg တန်းမှာထိုးသတ်နေသူဖြစ်ပြီး ပွဲတည်ပေးလိုက်တဲ့ ဖာဆိုင်းဟာ 58 Kg စူပါဖယ်သာဝိတ်တန်းကဖြစ်နေသလို ကြားထဲမှာ ဖယ်သာဝိတ်တန်းခြားနေသေးတာကြောင့် ထိုင်းဖိုက်ဟာ သူနဲ့စာချုပ်ကုန်ပြီး One Championship ကိုပြောင်းတော့မယ်ဆိုတဲ့ ဘရော်နီကာ့ကို တမင်မရှုံးရှုံးအောင်၊ ပုံရိပ်မကျကျအောင် အနီးကပ် ချိန်ခါကိုက် ဒုက္ခပေးနေသလားတွေးစရာပါ။

လက်ရှိမှာလည်း ဖာဆိုင်းဟာ ဘရိုနီကာထက်ဝိတ်တန်းမြင့်နေတာ သူတို့နှစ်ယောက်ကြား အရပ်အမောင်းသိပ်မကွာပေမဲ့ ပေါင်ချိန်က ၁၀ ပေါင်ကျော်လောက်အထိကွာနေတာ၊ အနီးဆုံးတွေ့ရတဲ့အချက်အလက်အရ ပွဲ ၄၀ နီးပါးထိုးထားပြီး ၁၁ ပွဲပဲရှုံးထားတာ၊ LWC Super Champ ရဲ့ ချန်ပီယံခါးပတ်ပိုင်ရှင်ဖြစ်နေတာနဲ့ အချိန်ကပ် စီစဥ်တာကြောင့် ထိုင်းဖိုက်ရဲ့မတရား စီစဥ်ပုံကို ထိုင်းနိုင်ငံသားတွေကိုယ်တိုင် မေးခွန်းထုတ်နေသလို ဖာဆိုင်းကိုလည်း အားမပေးကြတာကြောင့် ဖာဆိုင်းက သူမအသုံးပြုတဲ့လူမှုကွန်ရက် Page မှာ “အားမပေးလည်း ဂရုမစိုက်ဘူး”လို့ ရေးသားမျှဝေထားတာ တွေ့ရပါတယ်။

ကယန်းကျားသစ်မယ်ဟာ ထိုင်းနိုင်ငံမှာ အစွယ်ချွန်လို့နယ်ကျွံပေမဲ့ ဒီလိုမျိုး မရှုံးရှုံးအောင် ဝိတ်တန်းနှစ်ခုခြားသူနဲ့ အချိန်ကပ် ပွဲတည်ပေးတာကတော့ ဘရောနီကာ ထိုင်းဖိုက်က အရှုံးနဲ့ထွက်စေချင်တဲ့ ထိုင်းဖိုက်ရဲ့ယုတ်မာမှုပါ။ ဒါပေမဲ့လည်း ဘရော်နီကာကိုယ်တိုင်က သဘောတူလက်ခံပြီးမှတော့ ယုတ်မာသူတွေကို အလဲထိုးအနိုင်ယူဖို့ပဲ ဆုတောင်းရတော့မှာက အားပေးကြရမဲ့ကျွန်တော်တို့ရဲ့ တာဝန်ပဲမဟုတ်လား….။

Leave a Reply

Your email address will not be published. Required fields are marked *